သြဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး၊ ကမိုင်ကုန်းကျေးရွာနားမှာ သြဂုတ်လ အလယ်ပိုင်း လောက်က စပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွား နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကမိုင်ကုန်းကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က မကြာခဏစစ်ကြောင်းထိုးနေပြီး အခုလို စစ်ကြောင်းထိုးလာတာတွေကြောင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ပြီးခဲ့တဲ့ ရက်တွေတုန်းကတော့ တံတားပြင်တဲ့နေရာမှာ နယ်မြေခံအဖွဲ့တွေ ဒရုန်းနဲ့သွား ကြဲတယ်လို့ သိရတယ်၊ တိုက်ပွဲတွေကတော့ ထုံးစံအတိုင်းကမိုင်ကုန်းမှာပေါ့၊ တိုက်ပွဲကအကြီးမဖြစ်သေးတာဘဲ ရှိတယ်၊ တိုက်ပွဲအသေးလေးကတော့ နေ့တိုင်းနီးပါးဖြစ်ပွားနေတာဘဲ” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာနားမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် နေအိမ်ပျက်စီးတာတွေရှိနေတယ်လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
“မြဝတီ-ကော့ကရိတ်အာရှလမ်း ပျက်တဲ့နေရာမှာက ပစ်လိုက်၊ နားလိုက်ဘဲ၊ ကော့ကရိတ်မြို့ထဲမှာတော့ ဘာမှမဖြစ်ဘူး၊ မြို့ပြင်မှာတော့ ဖြစ်နေတာတွေရှိတယ်၊ ဒီကမိုင်ကုန်းနဲ့ တောင်ကြာအင်းမှာတော့ ခနခနဖြစ်တယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တောင်ကြာအင်းကျေးရွာထဲက ဒေသခံ ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာကျေးရွာတွေဘက်ကို မကြာခဏ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တောင်ကြာအင်းကျေးရွာထဲက အသက် ၅၀ ကျော်အရွယ် ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးထိခ်ုက်ပျက်စီးခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)