ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ အခြေခံစားသောက်ကုန်တွေ အရင်နှစ်ကထက် ဈေးနှုန်းသုံးဆမြင့်တက်လာတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲဒုက္ခတွေ ရင်ဆိုင်လာရတယ်လို့ ထားဝယ်မြို့ပေါ်ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဇူလိုင်လမှာ ၂သောင်းတန်ငွေစက္ကူ ထုတ်ပြီးတဲ့နောက်ပိုင်း ကုန်ဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတာဖြစ်ပြီး အခုလက်ရှိ ၂၄ ပြည် ပေါ်ဆန်မွှေးတစ်အိတ်ကို အရင်က ၁၁၀,၀၀၀ ကျပ်ကနေ အခု ၁၅၈,၀၀၀ ကျပ်ထိရှိလာပြီး၊ တခြားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆီ၊ ကြက်သွန်စတဲ့ ပစ္စည်းဈေးတွေလည်း မြင့်တက်လာတယ်လို့ ထားဝယ်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“ကြက်သွန်နီတစ်ပိဿာကို လွန်ခဲ့တဲ့တစ်လက ၂၇၀၀ ဘဲရှိတာ။ အခုက ၄၀၀၀ ကျော်နေပြီး။ ပေါ်ဆန်းမွှေးတစ်အိတ်ကိုလည်း ၁၅၈,၀၀၀ တဲ့။ ထိုင်းကလာတဲ့ ၁လီတာ ဆီတစ်ဗူးကိုလည်း ၅၆၀၀၊ အချိုမှုန့်တစ်ထုပ်ကိုလည်း ၇၀၀၀ ဖြစ်သွားပြီး” လို့ သူကအခုလိုပြောပါတယ်။
ထားဝယ်မြို့ပေါ်က ပွဲရုံပိုင်ရှင်တွေနဲ့ ဈေးသည်တွေမှာလည်း အရောင်းအဝယ်အရင်ကထက်နည်းလာပြီး စီးပွားရေးအခြေအနေတွေလည်း အရင်ထက်ထိုးကျသွားတယ်လို့ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။
“အခုက အကုန်လုံးက ခက်ခဲလာတာလေ။ ရောင်းသူလည်းခက်ခဲတယ်။ ပစ္စည်းဈေးတက်လာရင် အရောင်းအဝယ်က မကောင်းတော့ဘူးလေ။ ဝယ်သူတွေက ပစ္စည်းဈေးတွေတက်တော့ သူတို့လက်ထဲရှိတဲ့ဟာနဲ့ နိုင်သလောက်ဘဲဝယ်ရတာလေ။ ကုန်ဈေးနှုန်းတွေက မငြိမ်တော့ စီးပွားရေးလုပ်ရတာ အရင်းကိုတောင် မနည်းပြန်လိုက်ရှာနေရတယ်” လို့ သူကပြောပါတယ်။
အခုလို ကုန်ဈေးနှုန်းတွေမြင့်တက်လာတာကြောင့် အခြေခံလူတန်းစားတစ်ရပ်ဖြစ်တဲ့ နေ့စားအလုပ် လုပ်ကိုင်သူတွေအနေနဲ့လည်း လူမှုစီးပွားဘဝတွေ ခက်ခဲလာတယ်လို့ သိရပါတယ်။
နေ့စားအလုပ်လုပ်ကိုင်နေသူတစ်ဦးက “ထမင်းနပ်မှန်ဖို့ တော်တော်ရုန်းကန်ရတယ်။ တနေ့နဲ့ တနေ့မတူအောင် ကုန်ဈေးနှုန်းတွေကလည်းတက်တယ်လေ။ အခုဆို လက်ဖက်ရည်တောင်မှ မဝယ်သောက်နိုင်တော့ဘူး။ လက်ဖက်ရည်တစ်ခွက်ကို ၁၂၀၀၊ အီကြာကွေးတစ်ခုကို ၅၀၀။ ကျမတို့အခြေအနေနဲ့ မစားနိုင်တော့ဘူး။ ကုန်ဈေးနှုန်းဘဲတက်တာ။ ရတဲ့ပိုက်ဆံက အဲ့လောက်ကအဲ့လောက်ဘဲဆိုတော့ ထမင်းနပ်မှန်ဖို့ဘဲအရေးကြီးတော့တယ်” လို့ အခုလိုပြောပြပါတယ်။
၂၀၂၁ ခုနှစ် ဩဂုတ်လကစပြီး တနင်္သာရီတိုင်းအတွင်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် အခုလက်ရှိအချိန်ထိ အခြေခံလူတန်းစားတွေ ဆင်းရဲဒုက္ခတွေနဲ့ ရင်ဆိုင်လာနေရပါတယ်။ စစ်ကောင်စီတပ်ကလည်း ၂၀၂၂ ခုနှစ်လောက်ကစတင်ကာ အရှေ့တောနယ်၊ ပုလောမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေဘက်ကို ဆန်၊ ဓာတ်ဆီနဲ့ အခြေခံစားသောက်ကုန် သယ်ယူခွင့်တွေ ပိတ်ဆို့ထားတာကြောင့် ပြည်သူတွေအနေနဲ့ ရိက္ခာပြတ်လပ်မှုတွေ ကြုံလာရတယ်လို့ ဒေသအတွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ပုံ – CJ
Phar Si Than (People’s Radio Myanmar)