သြဂုတ်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က လမ်းပိုင်းတစ်နေရာမှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဘက်က ဗိုလ်ဝင်းစိုးနဲ့အတူ သူနဲ့လိုက်ပါလာတဲ့အမျိုးသမီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Kyaikto Revolution Force ရဲ့ ထုတ်ပြချက်အရသိရပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်မှ ဗိုလ်ဝင်းစိုးမောင်းနှင်လာတဲ့ အဖြူရောင် Mark II ကားကို ကော့ထင်းကျေးရွာနဲ့ ဘုရားကြီး ကျေးရွာကြားမှာရှိတဲ့ တာဘောင်တံတားအနီးမှာ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခဲ့တာကြောင့် ဗိုလ်ဝင်းစိုးနဲ့အတူ သူနဲ့လိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦး နေရာမှာတင် ပွဲးချင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ဗိုလ်ဝင်းစိုးဘက်မှလည်း သေနတ် ၂ လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင် စီးစစ်ရေးကဒ်၊ မှတ်ပုံတင်နဲ့အတူ ယာဥ်မောင်းလိုင်စင်တို့ကိုသိမ်းစည်းရမိခဲ့တယ်လို့ Kyaikto Revolution Force မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“သူ့ကိုပစ်တာကတော့ အပြန်အလှန်ပစ်တာတော့ မဟုတ်ဘူး ဒီဘက်ကစောင့်ပြီးတော့ပစ်တာပေါ့နော် သတင်းရထားတဲ့အတွက် စောင့်ပြီးတော့ပစ်တယ် ပစ်ပြီးတော့သူတို့နှစ်ယောက်လုံးသေတယ် လက်နက်ခဲရမ်းယူပြီးပြန်လာလိုက်တယ် အဲ့ဒီမှာပဲပစ်တယ် ကားကတော့ လမ်းဘေးထိုးကျသွားတယ် သူကိုကတော့ သတင်းပေး၊ ဒလန်သဘောမျိုး အနေနဲ့ပဲရှင်းတာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တာမျိုး မဟုတ်ဘူးပေါ့”လို့ သူကပြောပါတယ်။
အခုလိုပစ်ခတ်ရှင်းလင်းလိုက်တာဟာ ကိုယ်တိုင်လောင်းကစားဝိုင်းတွေပြုလုပ်ကာ အဲ့ဒီလောင်းကစား ဝိုင်းတွေကို စစ်ကောင်စီတပ်လက်အောက်ခံ ပြန်လည်ဖမ်းဆီးခိုင်းတာ၊ ရွာသားတွေရဲ့ လယ်မြေတွေကို ခြိမ်ခြောက်ဈေးနှိမ်ဝယ်ယူတာ၊ ကျေးရွာတွေကို လျှပ်စစ်မီးဖြတ်တောက်တာနဲ့အပြင် ပြည်သူတွေကို လက်နက်အားကိုးနဲ့ ဖမ်းဆီးရိုက်နှက်တာတွေကို ပြုလုပ်နေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ဗိုလ်ဝင်းစိုး ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ ကော့ထင်းကျေးရွာနဲ့ ဘုရားကြီးကျေးရွာအဝင်အထွက်လမ်းပိုင်းတွေကိုပိတ်ဆို့ကာ ရှာဖွေမှုတွေကို ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က ကျေးရွာတွေအတွင်းမှာ လိုက်လံရှာဖွေနေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အခြေအနေနဲ့အချက်အလက်ကို ဖားစည်သံသတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း လုံခြုံရေးအရ ရှောင်တိမ်းနေရတာကြောင့် ပြန်လည်ဖြေကြားနိုင်ခဲ့ခြင်းတော့မရှိသေးပါဘူး။
မွန်ပြည်နယ် ကျိုက်ထိုခရိုင်ထဲက စစ်ကောင်စီတပ်လက်အောက်ခံစစ်ဆေးရေးဂိတ်တွေ၊ စစ်ကောင်စီတပ်လက်အောက်ခံ ဝန်ထမ်းတွေ၊ သတင်းပေးသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ သွားရောက်ပစ်ခတ် တိုက်ခိုက်ခံနေရတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သမ်ဇရပ်မြို့က ဆင်ဖြူတော် ဘုန်းကြီးကျောင်းအနီးမှာတပ်စွဲထားတဲ့ အမတ ၃၁၀ နဲ့ တပ်မ ၇၇ တို့ကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Kyaikto Revolution Force
Phar Si Than (People’s Radio Myanmar)