သြဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်မှာရှိတဲ့ မြဝတီမြို့ ခရိုင်ပြည်သူ့ဆေးရုံ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြဝတီမြို့ဒေသခံတွေကပြောပါတယ်။
မြဝတီမြို့ခရိုင်ပြည်သူ့ဆေးရုံကို သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၂၀ လောက်မှာ အမည်မသိ အဖွဲ့တစ်ခုက ဒရုန်းနဲ့ဗုံးခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလိုတိုက်ခိုက်ခံရတာကြောင့် ဆေးရုံအတွင်းက အဆောက်အအုံတစ်ချို့ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်တာတွေမရှိဘူးလို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“ဗုံးတော့မဟုတ်ဘူး၊ အပေါ်ကနေကျတာ၊ နှစ်ဆင့်ကွဲတာ၊ အောက်စီဂျင်ဂိုထောင်နား၊ မသုံးတော့တဲ့ အိမ်သာဘက်ခြမ်းထိတယ်၊ လူတွေတော့ ဘာမှမဖြစ်ဘူး၊ ဆေးရုံအိမ်သာပေါ်တစ်လုံး၊ အဲ့ဘေးက လူမနေတော့တဲ့ အဆောင်တံစက်မိတ်ပေါ်တစ်လုံးကျတယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ ကာစတန်ရုံးနားမှာလည်း ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြဝတီမြို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၁ လကျော်ကြာနေပြီဖြစ်ပြီး သြဂုတ်လ ၂၂ ရက်နေ့ ည ၇ နာရီလောက်ကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့လက်ခတ်တောင်ဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“ညက ၇ နာရီကျော်လောက်မှာစပစ်တာ၊ လက်နက်ကြီးနဲ့ဘဲ၊ ည ၁၀ နာရီကျော်လောက်မှ ရပ်သွားတယ်၊ အလုံးကြီးသက်သက်ပစ်တာ၊ ၂၇၅ ဘက်ခြမ်းကနေ” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြို့မှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)