ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ထားဝယ်အကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်ဆိုတဲ့ ထောင်ကျနေတဲ့ အကျဉ်းသား ၆ ဦးကို နှစ်အကန့်အသတ်မရှိ ထောင်ချလို့ရတဲ့ မူးယစ်ပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆို လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲတဲ့ ဇူလိုင်လ ၁၁ ရက်နေ့က တနင်္သာရီတိုင်းရဲ့ နယ်လုံဝန်ကြီးအဟောင်း ထားဝယ်အကျဥ်းထောင် ထဲကို လာရောက်စစ်ဆေးချိန် အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ အကျဉ်းသားတွေဆီက WY ဆေးပြား၊ ICE နဲ့ ဆေးခြောက်အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
ဇူလိုင်လကတည်းက အဆိုပါ အကျဉ်းသား ၆ ဦးကို WY ဆေးပြား၊ ICE နဲ့ ဆေးခြောက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ စွပ်စွဲကာ အကျဉ်းထောင်ထဲနဲ့ ရဲစခန်းတွေမှာ စစ်ဆေးနေတာဖြစ်ပြီး ဩဂုတ်လ ၂၂ ရက်နေ့မှာ ထားဝယ်ခရိုင်တရားရုံးက မူးယစ်ဆေးဝါးပုဒ်မသုံးခုနဲ့ တရားစွဲလိုက်တာဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့သူမိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“နယ်လုံဝန်ကြီး ထောင်ထဲဝင်စစ်ချိန် ဝန်ထမ်းတွေဆီက မူးယစ်ဆေးဝါးတွေမိကြတယ်။ အဲ့ဒီတော့ ဝန်ထမ်းတွေကို ဘယ်သူတွေပါသေးလဲဆိုပြီး စစ်မေးတဲ့အချိန် အကျဉ်သားတွေကိုပြတယ်။ အဲ့တာက မိသားစုကပြောတာ။ အဲ့ဒီအကျဉ်းသား ၆ ယောက်မှာ လက်ဝယ် မိ၊မမိ ဆိုတာကိုတော့ မသိရဘူး။ သူ့မိသားစုဝင်ပြောတာက စွပ်စွဲခံရတယ်လို့ ပြောပြတယ်” လို့ သူကအခု လိုပြောပါတယ်။
ထားဝယ်ခရိုင်တရားရုံးက အကျဉ်းသား ၆ ဦးကို တရားစွဲဆိုလိုက်တဲ့ ပုဒ်မတွေက မူးယစ်ဆေးဝါး အားပေးကူညီမှု ပုဒ်မ ၂၁၊ မူးယစ်ဆေးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှု ပုဒ်မ ၁၉(က) နဲ့ မူးယစ်အမှုနဲ့ အပြစ်ဒဏ်ချမှတ်ခံထားရပြီး ထပ်မံကျူးလွန်တဲ့အမှု ပုဒ်မ ၂၃ တို့ဖြစ်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးကဆိုပါတယ်။
အခုလက်ရှိ တရားစွဲခံလိုက်ရတဲ့ အကျဉ်းသား ၆ ဦးက မတူညီတဲ့ မူးယစ်ဆေးဝါးအမှုတွေနဲ့ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ချခံထားရသူတွေ ဖြစ်တယ်လို့ တရားစွဲဆိုခံရတဲ့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ဆက်ပြောပါတယ်။
“သူတို့က အစကတည်း မူးယစ်ဆေးဝါးတွေနဲ့ အဖမ်းခံရပြီး ထောင်ကျပြီးသားသူတွေဘဲ။ ၁၀ နှစ်ကနေ နှစ်အကန့်အသတ်ရှိချခံထားရတာ” လို့ သူကအခုလို ဆက်ပြောပါတယ်။
တရားထပ်စွဲဆိုခံရတဲ့ အမှုတွေထဲက မူးယစ်ဆေးဝါးအမှုကို ထပ်မံကျုးလွန်တဲ့အမှု ပုဒ်မ ၂၃ က အများဆုံးအပြစ်ဒဏ်ကို ချမှတ်ခံရမယ်လို့ ဥပဒေက ပြဌာန်းထားတာကြောင့် နှစ်အကန့်အသတ်မရှိ ထောင်ချလို့ရတဲ့ ပုဒ်မဖြစ်တယ်လို့ Myanmar Law Library ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ ထောင်ဝန်ထမ်း ၅ ဦးကိုတော့ ပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရပြီး အဲ့ဒီထဲက ထောင်အိပ်ဆောင်မှူးတစ်ဦးကိုတော့ ပထမအကြိမ် ထောင်ဒဏ်ချမှတ်ထားပြီး အခုလက်ရှိ မှာလည်း ပုဒ်မ ၁၉ (က)၊ ပုဒ်မ ၂၁၊ ရာထူးအသုံးပြုပြီး ပြစ်မှုကျူးလွန်မှု ပုဒ်မ ၂၂ စတဲ့ ပုဒ်မတွေနဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ ထားဝယ်အကျဉ်းထောင်ဝင်းအတွင်း နေထိုင်သူတစ်ဦးက ပြောပါတယ်။
“သူတို့အပြင် မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီး တရားစွဲခံထားရတဲ့ ဝန်ထမ်းက ၅ ဦးရှိတယ်။ ၅ ဦးထဲက အိမ်ဆောင်မှူး ဗိုလ်လေးကိုတော့ ထောင်ချပြီးပြီ။ ဘယ်နှနစ်ဆိုတာ မသိရဘူး။ အခု ပုဒ်မ ၃ ခုနဲ့ ထပ်စွဲထားတယ်။ ၁၉(က)၊ ပုဒ်မ ၂၁၊ ပုဒ်မ ၂၂ အဲ့တာတွေနဲ့ ထပ်စွဲလိုက်တယ်” လို့ သူကအခုလို ပြောပါတယ်။
အခုလို ထောင်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်တာက စစ်ကောင်စီတပ် အာဏာမသိမ်းခင်ကတည်းက လုပ်ဆောင်နေတာဖြစ်ပြီး အခုလက်ရှိအချိန်မှာ ပိုများလာတာဖြစ်ပါတယ်။
ထားဝယ်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေ များလာတာကြောင့် စစ်ဆေးမှုတွေ တင်းကြပ်လာကာ CDM ပြုလုပ်လိုက်တဲ့ ထောင်ဝန်ထမ်းတစ်ဦးက မူးယစ်ဆေးဝါးတွေနဲ့ ပတ်သတ်ပြီး ထုတ်ဖော်ပြောဆိုလိုက်တာကြောင့် စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီတာတွေကို လုပ်ဆောင်လာခဲ့တယ်လို့ ထောင်တွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဩဂုတ်လ ၁၄ ရက်နေ့ကလည်း ထောင်ဝင်းထဲရှိ ဒုထောင်မှူး ဦးသူရိန်ထွန်းရဲ့ နေအိမ်ကို စစ်တပ်က ဝင်ရောက်စစ်ဆေးချိန် မူးယစ်ဆေးဝါးတွေနဲ့ ဖုန်းတွေသိမ်းဆည်းရမိပြီး ထောင်မှူးဟောင်း ဦအောင်ဖေ၊ ဒုထောင်မှူး ဦးသူရိန်ထွန်း အပါအဝင် ဝန်ထမ်းအယောက် ၂၀ ကို ထားဝယ်အကျဉ်းထောင်ထဲမှာ စစ်ကောင်စီတပ်သားတွေက အခုလက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)