သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခန်တောင်ကို ပြန်လည်သိမ်းယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းနေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတာ ၁ လ ကြာပြီဖြစ်ပြီး စစ်ကောင်စီတပ်က လက်ခတ်တောင်ကို သိမ်းယူနိုင်ဖို့ စစ်ကြောင်းထိုးနေတာ ၁၀ ကြိမ်ကျော်ရှိနေပြီး ဖြစ်ပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတာ ၅ ရက်ကျော်ရှိနေပြီး စစ်ကောင်စီတပ်က ကျောက်လုံးကြီးဘုရားဘက်နဲ့ လက်ခတ်တောင်အနီးတစ်ဝိုက်တွေကို စစ်ကား ၁၀ စီးကျော်နဲ့ လူအင်အားတွေ အဆက်မပြတ်ပို့နေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲတွေ ငြိမ်နေတာ ၄၊ ၅ ရက်ရှိပြီး၊ လက်ခတ်တောင်ဘက်နဲ့ ကျောက်လုံးကြီးဘုရားဘက်ကို တစ်ခါသွားရင် စစ်ကား ၁၀ စီးကျော်၊ ကားပေါ်မှာက လူ ၁၀ ယောက်ကျော်၊ သွားနေတယ်၊ လေယာဥ်ကနေ့တိုင်းလာတယ်၊ လာပြီးပြန်သွားတယ်၊ မပစ်ချဘူး လက်ခတ်တောင်ကို” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ကလည်း တစ်ဦးကို ဘတ် ၂၀၀၀၀ ပေးကာ တပ်သားသစ် ခေါ်ယူစုဆောင်းတာတွေ ပြုလုပ်နေတယ်လို့ မြဝတီမြို့ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာ လက်ခတ်တောင်ကို KNLA ပူးပေါင်းတပ်ဖွဲ့တွေကတပ်စွဲထားပြီး မြဝတီ-ကော့ကရိတ် အာရှလမ်းမပျက်စီးနေတဲ့အပြင် ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာကြောင့် လက်ခတ်တောင်ကို တိုက်ဖို့ အင်အားဖြည့်တာ အချိန်ကြာနိုင်တယ်လို့ KNLA သတင်းအရင်းမြစ်တွေက ပြောပါတယ်။
“လောလောဆယ်တော့ လက်ခတ်တောင်က ငြိမ်နေတယ်၊ ကျွန်တော်တို့ဆက်ထိန်းထားပါတယ်၊ ကော့ကရိတ်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ လက်ခတ်တောင်ဘက်မလှည့်နိုင်သေးဘူး၊ လက်ခတ်တောင်ကို အားဖြည့်ဖို့ကလေ အာရှလမ်းမဘက်ကဖြည့်ရမှာဆိုတော့ အာရှလမ်းမကလည်း ပျက်နေတယ်၊ စစ်ကူပို့ဖို့ကမလွယ်ဘူးပေါ့” လို့ KNLA သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ လက်ခတ်တောင်စခန်းကုန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် လက်ခတ်တောင်ပေါ်က သာသနိကအဆောက်အအုံတွေ ဘုရားဆင်းတုတော်တွေ အများအပြားပျက်စီးနေတယ်လို့ Cobra Column ရဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)