သြဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ၃ ရက်အကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိကို တောင်ကြာအင်းကျေးရွာက စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခမရ ၅၄၆ တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦး၊ တစ်ပွင့်အရာရှိတစ်ဦး၊ တပ်ကြပ်တစ်ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဂဠုန်စစ်ကြောင်းရဲ့သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“စာသင်ကျောင်းမှာ အထိုင်ချတပ်စွဲထားတာ ၂၀၂၁ ကတည်းကလို့သိရပါတယ် အင်အားကတော့ ၃၀ ဝန့်းကျင်ခန့်ရှိပြီး ထိတွေ့မှုဖြစ်တိုင်းအင်အားထပ်တိုးပါတယ် အဓိက က ဒေသခံတွေ သွားလာတဲ့ လမ်းတွေကို သူတို့တွေက ဖျက်စီးသလို ဒေသခံတွေကို အမြဲဖိနှိပ်နေတာတွေကြောင့် ထိတွေ့မှု ခဏခဏ ဖြစ်ကြပါတယ်”လို့ သူကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၃ ရက်အတွင်း ကျုံဒိုးမြို့ရဲ့ ခလရ ၅၄၅ နဲ့ ကော့ကရိတ် မြို့ရဲ့ ၉၇ တပ်ကနေ တောင်ကြာအင်းကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ပါပစ်ခတ်နေတာကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးမြင့်ကျော်ဆိုသူမှာ ဦးခေါင်းလက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး နေအိမ်တစ်ချို့ပျက်စီးတာတွေရှိပေမဲ့ အတိအကျမသိရှိရသေးဘူးလို ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဟို့နေ့က ဦးလေးတစ်ယောက်ဆုံးတယ် လက်နက်ကြီးကျလို့ နေအိမ်ကတော့ ၈ လုံး ၁၀ လုံးလောက်တော့ ထိခိုက်ပျက်စီးတယ် အခုကတော့ငြိမ်နေသေးတယ်”လို့သူကပြောပါတယ်။
တောင်ကြာအင်းကျေးရွာနဲ့ နောင်တလာကျေးရွာက ဒေသခံပြည်သူ ၁၅၀၀ ဝန်းကျင်လောက်မှာလည်း နေ့လည်ပိုင်းအချိန်တွေမှာ ကျေးရွာအတွင်းပြန်လည်နေထိုင်ကြပြီး ညပိုင်းအချိန်တွေမှာတော့ လက်နက်ကြီးလွတ်တဲ့ အနီးအနားကျေးရွာတွေမှာ သွားရောက်နေထိုင်နေကြတယ်လို့ ဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။
“အခြေနေက ငြိမ်နေတယ် ကြာအင်းနဲ့ နောင်တလာရွာ ၂ ရွာတော့ ရှောင်ရတာပေါ့ တစ်ချို့ ပြန်နေကြပြီး နေ့ဘက်အိမ်ပြန် ညဘက်ကျရင်တော့ နီးစပ်ရာ ရွာတွေမှာ ညအိပ်ရှောင်ကြတာပေါ့” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတော့ပေမဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တယ်လို့ ဂဠုန်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဇူလိုင်လကနေ သြဂုတ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ်နဲ့ ကျုံဒိုးမြို့နယ်က ကလေးငယ်တွေအပါအဝင် ဒေသခံပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒူးပလယ်ယာခရိုင်ကထုတ်ပြန်ထားပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)