ဩဂုတ်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်တွေက မောတောင်လမ်းပိုင်းရှိ ရွာတွေဘက်ကို ၂ ရက်ဆက်တိုက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အဆိုပါလမ်းပိုင်းရှိ ကျေးရွာ ၁၂ ရွာက ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကနေ သိရပါတယ်။
ပြီးခဲတဲ့ ဩဂုတ်လ ၂၀ ရက်နေ့၊ ည ၉ နာရီလောက်ကစပြီး မော်တုန်းအမြောက်တပ်ကနေ ၁ နာရီ အတွင်း လက်နက်ကြီး ၁၀ ချက်ကျော်ပစ်ခတ်ခဲ့ပြီး၊ ဩဂုတ်လ ၂၁ ရက်နေ့မှာလည်း ညနေ ၆ နာရီခွဲလောက်က စတင်ကာ ည ၁၀ နာရီလောက်အထိ မော်တုန်းအခြေစိုက် အမတ (၃၀၆)နဲ့ တနင်္သာရီမြို့နယ်အခြေစိုက် ခလရ ၅၆၁ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“ဟိုနေ့ကလည်း ထုတယ်။ ည ၉ နာရီလောက်ကနေထုတာ ၁၀ ချက်ကျော်တယ်။ ညကလည်း ၆ နာရီခွဲ လောက်ကနေစထုတာ တညလုံးဘဲ။ သူတို့က တပ်ရင်း ၂ ခုကနေထုတယ်။ လအစမှာလည်း သူတို့ လက်နက်ကြီးထုလိုက်တာ အိမ်တွေလည်း ထိတယ်” လို့ သူကအခုလို ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မောတောင်လမ်းပိုင်းရှိ ကျေးရွာတွေဖြစ်တဲ့ ချောင်းနှစ်ပေါက်ရွာ၊ သိမ်ခွန်းရွာ၊ အထက်ကွမ်းသီးတောရွာ၊ သဲဖြူရွာ၊ အမှတ်(၉)ရွာ၊ အမှတ်(၈) ရွာစတဲ့ ကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံအချို့ ကတော့ ကျေးရွာထဲမှာ နေထိုင်ဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“သူတို့က မောတောင်လမ်းပိုင်းကရွာတွေဘက်ကို ထုတာ။ အဲ့ဒီဘက်မှာရှိတဲ့ ရွာတွေဘက်မှာ ၇၀ ရာခိုင်နှုန်းလောက် စစ်ရှောင်နေကြပြီ။ တချို့လည်း ရွာထဲမှာ ကျန်သေးတာပေါ့” လို့သူကပြောပါတယ်။
အခုလက်ရှိ စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်ရှိ ဇဝဲစစ်ဆေးရေးဂိတ်ကနေ အခြေခံစားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ဩဂုတ်လ ၁၉ ရက်နေ့ကတည်းက တားမြစ်ထားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုရက်ပိုင်း စစ်တပ်ကနေ ဆန်၊ဆီ၊ဆား၊ ဓာတ်ဆီနဲ့ ဆေးတွေ သယ်ခွင့်တွေပိတ်လိုက်တယ်။ ဇဝဲစစ်ဆေးရေးဂိတ်မှာ သူတို့အထိုင်ချထားတာလေ။ အကုန်စစ်တာ။ ဘယ်လောက်အထိ ပိတ်မယ်ဆိုတာလည်းမသိသေးဘူး” လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို ရိက္ခာသယ်ယူခွင့်တွေပိတ်လိုက်တာကြောင့် စစ်ဘေးရှောင်တွေအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး မိုးတွင်းရာသီဖြစ်တာကြောင့် ရာသီတုပ်ကွေးနဲ့ နေရာထိုင်ခင်းတွေလည်း အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ရဲ့ ၂ ရက်ဆက်တိုက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု ရှိ၊မရှိ ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဩဂုတ်လရဲ့ လအစမှာလည်း ခလရ (၅၆၁)တပ်ရင်းက တနင်္သာရီမြို့နယ်အတွင်း ဘန်လောရွာ၊ ၆ မိုင် ရွာနဲ့ အနီးရှိရွာတွေဘက်ကို လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကြောင့် အိမ်တွေထိခိုက်ပျက်စီးပြီး (၆) မိုင်ရွာနဲ့ ဘန်လောရွာက အရပ်သားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသအတွင်း သတင်းအရင်းအမြစ်တွေ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ မထီမဲ့မြင်ပစ်ခတ်မှုတွေကြောင့် စစ်အုပ်ချုပ်ရေးဒေသတွေဖြစ်တဲ့ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ ပြည်သူ ၂၀ကျော်ထက်မနည်း ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)