သြဂုတ်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခု သြဂုတ်လ၂၀ ရက်နေ့ မနက် ၇ နာရီလောက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရွှေဂွန်းကျေးရွာမှာ ၅ လ ကျော်ကြာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုကို အမည်မသိတပ်ဖွဲ့တစ်ခုက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလို တိုက်ခိုက်ခံရတာကြောင့် အသက် ၁၀ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကလေးက အသက် ၁၀ နှစ်ကျော်လောက်ဘဲရှိတယ်၊ အဆထိပြီး နည်းနည်းဒဏ်ရာရသွားတယ်၊ မနက် ၇ နာရီလောက်ကစတာ၊ ဒရုန်းနဲ့ကြဲတာ၊ စစ်တပ်ကို ပစ်တာ၊ လူနေအိမ်တွေအနားမှာ ကျတာ လက်နက်ကြီးက” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အဲ့ဒီစစ်တပ်က ရွာထဲမှာနေတာကြာပြီး၊ ဒရုန်းနဲ့ ပစ်ခံရတဲ့နေရာက စစ်တပ်နဲ့တော့နီးတယ်၊ ဒရုန်းနဲ့ကြဲခံရပြီးတော့ လက်နက်ကြီးနဲ့ပစ်တယ်၊ သေနတ်သံကသိပ်မကြားရဘူး၊ ဒရုန်းနဲ့ လက်နက်ကြီးဘဲ၊ ၂ ဖက်စလုံး အပြန်အလှန်ပစ်တာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
အခုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ရပ်ကွက်လူကြီးတွေက စစ်ကောင်စီတပ်စွဲထားနဲ့နေရာအနီးတစ်ဝိုက်မှာ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်စွဲရာနေရာတွေကို မကြာခဏ ဒရုန်းနဲ့တိုက်ခိုက်ခံရလေ့ရှိပြီး ရွှေဂွန်းရွာရှိ စစ်ကောင်စီတပ်စခန်းကို မည်သည့်အဖွဲ့ကတိုက်ခိုက်ခဲ့တာကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ကရင်ပြည်နယ်အတွင်းက ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်ကြီးနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်စခန်းတွေထဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီတပ်သားတွေသေဆုံးတာ၊ ထိခိုက်ဒဏ်ရာရရှိတာတွေနဲ့ ဗုံးခွဲတိုက်ခိုက်ခံရတာတွေကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏထိခိုက်ပျက်စီးနေတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)