သြဂုတ်လ ၂၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်နေရာမှာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လမ်းပိုင်းအတွင်း လုံခြုံရေးယူကာ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
မြဝတီ-ကော့ကရိတ်ပိုင်းတစ်နေရာမှာ မနက်၆နာရီကနေ ည၁၁ ထိ လမ်းပိုင်းအတွင်း လုံခြုံရေးယူကာစစ်ဆေးမှုတွေပြုလုပ်နေတာဖြစ်ပြီး နယ်မြေစိုးမိုးမှုများလာတာနဲ့အမျှ နေရာဒေသအလိုက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတဲ့အပြင် စစ်ဆေးမှုပြုလုပ်ခဲ့တဲ့လမ်းပိုင်းတွေမှာလည်း စစ်ကောင်စီတပ်နဲ့ ပစ္စည်းတွေသိမ်းဆည်းရမိတာတွေရှိတယ်လို့ ကျားဖြူတပ်ခွဲ (၄)မှ တိုက်ခိုက်ရေးနဲ့ သတင်းပြန်ကြားရေးရဲဘော် AKM ကပြောပါတယ်။
“စစ်ဆေးမှုတွေကကြာပီခင်ဗျ နေရာဒေသအလိုက် ကျားဖြူတပ်ခွဲ၄ ရဲဘော်တွေက ပူးပေါင်းပါဝင်ခဲ့တယ် အခုလက်ရှိမှာလည်း တခြားလမ်းပိုင်းတွေမှာတာဝန်ထမ်းဆောင်နေပါတယ် ဒီလမ်းဟောင်း ဘက်မှာလည်းစစ်ဆေးတာကြာပီ အခုလိုမတင်ဖြစ်တာပဲရှိပါတယ် လမ်းရဲ့ ဂိတ်တွေမှာ ကျနော်တို့ကျားဖြူ (၄)က ရဲဘော်တွေ ပါဝင်တယ် အခုနေရာက လုံခြုံရေးအရ ပြန်လည်စစ်ဆေးတာပါ စကစ ရဲ့ ဒလန်၊ သူလျှိုတွေမိတာမျိုးတွေရှိပါတယ်၊ စကစနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ သိမ်းစည်းရမိတာတွေရှိခဲ့ပါတယ်”လို့ သူကပြောပါတယ်။
ခရီးသွားပြည်သူတွေ၊ ယာဥ်မောင်းတွေအနေနဲ့လည်း စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့ လူ၊ ပစ္စည်းတွေကို တင်ဆောင်တာမျိုးမပြုလုပ်ဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးတဲ့အခါမှာလည်း ကြည်ဖြူစွာ အစစ်ဆေးခံဖို့ကိုလည်း ကျားဖြူတပ်ခွဲ ၄ ကတိုက်ခိုက်ရေးနဲ့ သတင်းပြန်ကြားရေးရဲဘော် AKM ကပြောပါတယ်။
ခရီးသွားပြည်သူတစ်ဦကလည်း “အဲ့ဒီအဖွဲ့တွေကိုတွေ့တယ် ဘာမှသိပ်မစစ်ဘူး မှတ်ပုံတင်တောင် လူများမှစစ်တာ တစ်ယောက်ထဲ သွားရင်မစစ်ဘူး ဟိုမေးဒီမေး ဘယ်ကပြန်လာလည်း အဲ့လောက်ပဲ စစ်တပ်လောက်သိပ်မစစ်ဘူး စစ်တပ်က အသေစစ်တာ ဘာလို့လဲဆို PDF ဂိတ်ကနေဖြတ်လာတာဆိုတော့အသေစစ် PDF တေရုပ်ဖျက်ပီး ဝင်လာမာဆိုးလို့ထင်တယ်”လို့သူကပြောပါတယ်။
မြဝတီ-ကော့ကရိတ်လမ်းပိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေ မကြာခဏ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပြီး နေ့တိုင်းနီးပါး လက်နက်ကြီးတွေ နဲ့ပစ်ခတ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့ သြဂုတ်လ ၂၀ ရက်နေ့အထိကိုလည်း ကျားဖြူတပ်ခွဲ ၄ မှ ရဲဘော်တွေနဲ့အတူပူး ပေါင်းစစ်ကြောင်းတို့မှ မြဝတီ-ကော့ကရိတ် လမ်းပိုင်းအတွင်း စစ်ဆေးမှုတွေ ဆက်လက်လုပ်နေတယ်လို့ ကျားဖြူတပ်ခွဲ (၄)မှ တိုက်ခိုက်ရေးနဲ့ သတင်းပြန်ကြားရေးရဲဘော် AKM ကပြောပါတယ်။
ဒါ့အပြင် သြဂုတ်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်အချိန်မှာ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ Drone mission လုပ်ဆောင်ခဲ့တယ်လို့ KNLA သတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။
အခုလို လမ်းပိုင်းမှာစစ်ဆေးနေတာဟာ ကရင်ပြည်နယ်အတွင်းက မြဝတီ-ကော့ကရိတ်လမ်းပိုင်းတစ်ခုထဲမဟုတ်ပဲ မော်လမြိုင်-ရေး- ထားဝယ် အမှတ်(၈)လမ်းမကြီးနဲ့ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က လမ်းပိုင်းတချို့နဲ့ ကျိုက်ထိုမြို့နယ်တွေကလမ်းပိုင်းတွေမှာပါ နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေးကိုလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတုန်းကလည်း လမ်းပိုင်းအတွင်းစစ်ဆေးနေချိန် နှစ်ဖက်ထိတွေပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNLA သတင်းအရင်း မြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ကျားဖြူ တပ်ခွဲ ၄
Phar Si Than (People’s Radio Myanmar)