သြဂုတ်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်အာရှလမ်းမ တောနော်ရေတံခွန်အနီးရှိ လမ်း၊တံတား တည်ဆောက်ရေးကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်နေတယ်လို့ စစ်ကောင်စီတပ်ဘက်က ဝါဒဖြန့်တာမှုတွေကို လုပ်ဆောင်နေပါတယ်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမ တောနော်ရေတံခွန်အနီးမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြီးခဲ့တဲ့ သြဂုတ်လ ၇ ရက်နေ့က လမ်းပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်မှာ အဆိုပါ တောနော်ရေတံခွန်အနီးမှာ ပြိုကျတဲ့လမ်းပိုင်းမှာ ယာယီသွားလာနိုင်ရန်အတွက် ဘေလီတံတားထိုးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက နှောက်ယှက်ပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေ နှောက်ယှက်ပစ်ခတ်တာတွေ ပြုလုပ်ခြင်းမရှိဘူးလို့ နဂါးဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ လက်နက်ကိုင်တဲ့ အဓိကရည်ရွယ်ချက်က မတရားတဲ့စနစ်ကိုတွန်းလှန်ပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုတွန်းလှန်ဖို့အတွက်ပေါ့နော်၊ အဲ့ဒီအတွက် ကျွန်တော်တို့ ပြည်သူတွေကို ပြန်ကြည့်ရမယ်ပေါ့နော်၊ အဲ့ဒီအတွက်ကြောင့် ဒီဘေလီတံတားထိုးဖို့ကို ခွင့်ပြုသွားမှာပါ” လို့ သူက ပြောပါတယ်။
ကော့ကရိတ်မြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားလေ့ရှိပေမဲ့ အာရှလမ်းမပြုပြင်ရေးနားမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိဘူးလို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“ဒီလမ်းဟောင်း ရွာသစ်နားတို့၊ ကော့နွဲ့နားတို့မှာတော့ တိုက်ပွဲဖြစ်တာတွေ ကြားရတယ်၊ အာရှလမ်းဘက်မှာတော့ တိုက်ပွဲဖြစ်တာမကြားရဘူး၊ မြို့နားမှာဘဲဖြစ်နေတာ” လို့ ကော့ကရိတ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ပြိုပျက်နေတဲ့လမ်းပိုင်းကို ပြင်ဆင်တာမပြီးသေးတာကြောင့် ကားသမားတွေအနေနဲ့ မြဝတီ-ကော့ကရိတ်လမ်းဟောင်းကို ပြန်လည်အသုံးပြုနေကြရပြီး လမ်းကျဥ်းတာကြောင့် စုံအဆင်း၊ မအတက်ပုံစံမျိုးနဲ့ သွားလာနေရတယ်လို့ သိရပါတယ်။
“အရင် ၁၀ စုနှစ်တစ်ခုလောက်ကို ပြန်သွားရသလိုပေါ့၊ စုံအဆင်း၊ မအတက်နဲ့ ပြန်သွားနေရတယ်၊ လမ်းလည်းကျဉ်းတော့ အဲ့လိုသွားရတာ၊ အရင်ကလိုတော့ နေ့ချင်းပြန်သွားမရတော့ဘူး” လို့ ကားသမားတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မြဝတီ-ကော့ကရိတ်လမ်းဟောင်းမှာ စစ်ကောင်စီတပ်လက်အောက်ခံ BGF က ဂိတ်တွေချပြီး ကားတစ်စီးကို အနည်းဆုံး ၅၀၀၀ ခန့် ကောက်ခံနေရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ မြဝတီ-ကော့ကရိတ်လမ်းပိုင်းပျက်စီးမှုကြောင့် ဒေသခံတွေရဲ့ သွားလာရေးအခက်အခဲတွေ ဖြစ်ပေါ်နေပြီး မြဝတီ-ရန်ကုန်လမ်းပိုင်းမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဂိတ်ကြေးအများအပြား ကောက်ခံတာတွေကြောင့် ကုန်စျေးနှုန်းမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)