သြဂုတ်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုလ်မြို့အနီးတစ်ဝိုက်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်လက်အောက်ခံ ခမရ ၆၀၃ ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး ပစ်ခတ်နေတာကြောင့် ဒေသခံပြည်သူ ၂၀၀၀ ကျော် မကြာခဏနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က လိပ်သိုလ်မြို့အနီး မိုင်းလွန်ရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း စနိုက်ဘာနဲ့ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အခုလို လက်နက်ကြီးနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာပါ။
အခုလိုလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် လိပ်သိုလ်မြို့အနီးတစ်ဝိုက်မှာရှိတဲ့ ယာဒို၊ ကလေထ၊ ဝါသောခိုနဲ့ အနီးနားကျေးရွာတွေက ဒေသခံ ၂၀၀၀ ကျော်ဟာ တောင်ငူမြို့ဘက်နဲ့ လိပ်သိုလ်မြို့ပေါ်ဘက်တွေကို မကြာခဏထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၀ ရက် ၈ လ ပိုင်း အဲ့နေ့က လိပ်သိုလ်မြို့အနီး မိုင်းလွန်ရွာ စစ်ကောင်စီစခန်း စနိုင်ဘာပစ်ခတ်ခံရလို့ စစ်တပ်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်ခဲ့တာ၊ လိပ်သိုလ်အနီး ရွာတွေက နဂိုစစ်ရှောင်ကြတာ ကြာပြီး အခြေအနေနည်းနည်းကောင်းရင် ရွာပြန်နေကြတယ် ပစ်ခတ်တာထပ်ဖြစ်ရက် ပြေးရပြန်တယ်၊ လိပ်သိုလ်မြို့ပေါ်ကို တစ်ချို့ကရှောင်လာကြတယ်၊ တစ်ချို့က တောင်ငူကိုရှောင်ကြတယ်” လို့ လိပ်သိုလ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့ကလည်း လိပ်သိုလ်လမ်း ၇ မိုင်ကျော်မှာရှိတဲ့ စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်ဘက်က ၄၀ မမ၊ ၁၂၀ မမတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
“၁၄ ရက်နေ့ မွန်းလွဲပိုင်းကလည်း လိပ်သိုလ်လမ်း ၇ မိုင်ကျော်မှာ စစ်ကားတစ်စီး မိုင်းဆွဲခံရလို့ စစ်တပ်ဘက်ကလည်း ညတိုင်းလိုလို လက်နက်ကြီးများပစ်ခတ်နေတာလေး၊ ၄၀ မမ ၁၂၀ မမ တွေနဲ့ပစ်ခတ်ကြတာ၊ လူထိခိုက်တာတွေတော့မရှိဘူး၊ ၁၃ ရက်နေ့ မနက်ပိုင်းမှာ သံတောင်လမ်း ပျားစခန်းရွာက စစ်ရှောင်လာသူတွေကို စစ်တပ်က ယောကျာ်းလေးလူငယ်တွေ ဖမ်းသွားပြီးတော့ ညနေပိုင်းမှ ပြန်လွတ်လာပေးကြတယ်” လို့ သူက ဆိုပါတယ်။
သံတောင်ကြီးမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ်တွေ မကြာခဏထိခိုက်ပျက်စီးနေပါတယ်။
သံတောင်မြို့မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဇွန်လကနေ သြဂုတ်လအတွင်း ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာနေအိမ် ၃၀ နီးပါးပျက်စီးခဲ့ရပြီး အရပ်သား ၃၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒေသခံ ၁၀ ဦးနီးပါး ဖမ်းဆီးခံထားရပါတယ်။
ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ သံတောင်၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်မြို့ဘက်တွေမှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုတွေကြောင့် ဒေသခံတွေရဲ့ နေ့စဥ်လူမှုဘဝနေထိုင်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံသတင်းအရင်းမြစ် တွေရဲ့ပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ThandaungMupoe
Phar Si Than (People’s Radio Myanmar)