သြဂုတ် ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
မော်လမြိုင်- ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ငွေကြေးကောက်ခံမှု ရှိနေတယ်လို့ စစ်ကောင်စီတပ်ဘက်မှ ဝါဒဖြန့်မှုတွေလည်းရှိနေပါတယ်။
အခုလို မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးမှာ သွားလာနေတဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးတာဟာ နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအတွက်သာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်မှလည်း တစ်စုံတစ်ရာ ငွေကြေးကောက်ခံတာမျိုး မရှိဘူးပဲ စစ်ကောင်စီတပ်ဘက်မှ ဝါဒဖြန့်တာသာ ဖြစ်တယ်လို့ဒု စစ်ဒေသမှူးရုံးက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးမှာ ဒေသစိုးမိုးရေးနဲ့ လုံခြုံရေးအတွက် ဖြတ်သန်းသွားလာ နေတဲ့ ကားတွေကို စစ်ဆေးတာတွေပဲလုပ်ပါတယ် ဘယ်သူ့ဆီကမှ ငွေကြေးကောက်ခံတာမျိုးမရှိသလို မြေပြင်တပ်ဖွဲ့ဝင်တွေကိုလည်း ငွေကြေးကောက်ခံခိုင်းတာမရှိပါဘူး ဒီလိုပြောဆိုချက်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ဝါဒဖြန့်မှုသက်သက်သာ ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
လမ်းပိုင်းအတွင်းသွားလာတဲ့အခါ မှာပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်မှ ငွေကြေးတောင်းခံတာမျိုးမရှိဘူးလို့ မော်လမြိုင် -ရေး-ထားဝယ် လမ်းပိုင်းအတွင်း သွားလာနေတဲ့ ယာဥ်မောင်း တစ်ဦးကပြောပါတယ်။
“မှတ်ပုံတင်ရှိရင်သွားလာလို့ရတယ် ပိုက်ဆံကောက်တာတွေ ဘာတွေ မရှိဘူး မှန်ပုံတင်ပါရင်ရတယ် ပိုက်ဆံကတော့မကောက်ပါဘူး မှတ်ပုံတင်စစ်တာလောက်ပါပဲ လမ်းမှာပစ္စည်းတွေကို တကူးတကကြီး ဖောက်စစ်တာတွေဘာတွေမရှိပါဘူး”လို့ သူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးတဲ့အခါ စစ်ကောင်စီတပ်နဲ့ ပတ်သက်တဲ့သူတွေ၊ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတာမျိုး ရှိမရှိကိုသာစစ်ဆေးတာဖြစ်ပြီး ငွေကြေးကောက်ခံတာမျိုးလည်း မရှိသလို ဘာမှစိုးရိမ်စရာမရှိဘူးလို့ မော်လမြိုင်လမ်းအတွင်း သွားလာနေတဲ့ ခရီးသည်တစ်ဦးကပြောပါတယ်။
“ပိုက်ဆံတောင်းတာမရှိပါဘူး စခနဲ့ပတ်သတ်တဲ့သူပါလား စစ်တယ်လက်နက်ပါလား စစ်တယ် အနေအထားက အေးဆေးပါတယ် ကြောက်စရာမလိုခဲ့ဘူး ဂရုစိုက်မောင်းဖို့တောင် ကားဆရာကို ပြောလိုက်သေးတယ် အခုလိုသတင်းလွှင့်တာကကျတော့ သူတို့ရဲ့ လုပ်ဇာတ်ပဲလေ”လို့ သူကပြောပါတယ်။
အခုလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစစ်ဆေးနေတာဟာ မော်လမြိုင်- ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီး တစ်ခုထဲမှာသာမဟုတ်ပဲ ပဲခူးတိုင်းက လမ်းပိုင်းတချို့မှာလည်း စစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ Royal Peacock Column ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အမှတ် ၈ လမ်းပိုင်းအတွင်း သွားလာနေတဲ့ မော်တော်ယာဥ်တွေအနေနဲ့ ကြည်ဖြူစွာအစစ်ဆေးခံဖို့၊ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူ၊ လက်နက် ခဲ့ယမ်းတွေသယ်ဆောင်တာမျိုးမပြုလုပ်ဖို့၊ စစ်ကောင်စီတပ် ယာဥ်တန်းနောက်လိုက်ပါတာမျိုးမပြုလုပ်ဖို့အပြင် တခြားတော်လှန်ရေး အင်အားစုတွေအနေနဲ့လည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ကို KNLA တပ်ရင်း ၂၇ က ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။
ပြီခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတုန်းကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေ လမ်းပိုင်းအတွင်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ တွေနဲ့လည်း ထိတွေပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNLA သတင်းအရင်းအမြစ်တွေထံမှသ်ိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ဒုစစ်ဒေသခွဲမှူးရုံး ၊စစ်ဒေသခွဲအမှတ် ၃
Phar Si Than (People’s Radio Myanmar)