ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာမှာ စစ်ကောင်စီတပ်သားတွေက မီးရှို့လို့ နေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေက ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့၊ နေ့လည်ပိုင်းအချိန်လောက်မှာ နဘုလယ်ဒေသရှိ ဧကနိကျေးရွာက နေအိမ်တွေကို စတင်မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းအထိ နေအိမ်တွေ မီးလောင်နေတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံက တစ်ဦးကပြောပါတယ်။
“ဧကနိရွာမှာက အိမ်တွေက စိမ့်နေတာ။ တခြားရွာတွေလို ခြံအကျယ်တွေနဲ့မဟုတ်ဘူး။ စစ်ကြောင်းက ရှိနေသေးတော့ ကျနော်တို့လည်း သေချာသွားကြည့်လို့မရသေးဘူး” လို့ သူကပြောပါတယ်။
ဧကနိကျေးရွာမှာ မီးရှို့ခံရတဲ့ အိမ်အရေအတွက် ၄၀ ကျော်လောက်ရှိတယ်လို့ အဝေးကနေ ခန့်မှန်းထားကြတာဖြစ်ကာ ဒီထက်ပိုပြီး မီးလောင်ပျက်စီးတာရှိနိုင်တယ်လို့ ဒေသခံက ပြောပါတယ်။ အခုလက်ရှိအချိန်အထိ နဘုလယ်ဒေသမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ရှိနေသေးတာကြောင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကိုတော့ သွားရောက်ကြည့်ရှုဖို့ မရသေးဘူးလို့ ဧကနိကျေးရွာက ဒေသခံအမျိုးသားက အခုလိုပြောပါတယ်။
“အခုက ခန့်မှန်းပြီးပြောကြတာ။ ကျနော်တို့ရွာက အိမ်တွေက တစ်အိမ်နဲ့တစ်အိမ်ကပ်နေတာ။ ဒီထက်ပိုပြီး မီးလောင်တဲ့အထဲပါနိုင်တယ်။ အနီးကပ်သွားကြည့်ဖို့ကလည်း စစ်သားတွေလည်း ရှိနေသေးတယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်မှု အနည်းငယ်လည်း ရှိနေသေးတော့ မသွားရဲဘူး” လို့ သူကပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့၊ မနက်ပိုင်းလောက်မှာ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ခဲ့လို့ ဘုန်းကြီးတစ်ပါးနဲ့ စစ်ဘေးတိမ်းရှောင်နေတဲ့ ကလေးငယ်တစ်ဦး ကျည်ရှပ်ထိ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ခတ်မှုကြောင့် ဧကနိကျေးရွာ အနောက်ကျောင်းက ဘုန်းကြီးတစ်ပါး လည်ပင်းမှာ ကျည်ထိမှန်ခဲ့ပြီး စစ်ရှောင်နေတဲ့ ကလေးမှာတော့ ခြေထောက်မှာ ကျည်ရှပ်ထိခဲ့တယ်လို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
“ဘုန်းကြီးက အသက်ကြီးနေပြီ။ အသက် ၅၀ ကျော် ၆၀ နီးပါးရှိနေပြီး။ ဘုန်းဘုန်းကတော့ လည်ပင်းကို ကျည်ထိတယ်။ စစ်ရှောင်ကလေးမှာတော့ ခြေမှာထိတယ်။ အခုတော့ စိုးရိမ်ရတဲ့ အနေအထားကို ကျော်လွန်လာခဲ့ပြီ” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဝဇွမ်းတောရွာထဲ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃ လုံး မီးလောင်ခဲ့ရာ အိမ်တစ်ဆောင်ကတော့ ပြာကျသွားပြီး စစ်ရှောင်တွေအတွက် ရိက္ခာတွေနဲ့ တန်ဖိုးရှိပစ္စည်းတွေလည်း မီးလောင်တဲ့ အထဲပါသွားတယ်လို့ မီးရှို့ခံရတဲ့အိမ်ပိုင်ရှင်တွေနဲ့ နီးစပ်သူကပြောပါတယ်။
နဘုလယ်ဒေသခံတစ်ဦးက “ဝဇွမ်းတောဘက်က တော်တော်အခြေအနေဆိုးတယ်။ တစ်အိမ်ကိုရှို့တာ ၃ အိမ်လောက်ကမီးကူးတယ်။ ရှို့ခံရတဲ့ အိမ်က ပြာကျသွားတယ်။ အဲ့ဒီအိမ်မှာက ဆန်အိတ်တွေရှိနေလို့ သက်သက်မဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ရှို့တာ။ ဆန်အိတ်တွေကလည်း ရွာကလူတွေအတွက် တခုခုဆိုစားလို့ရအောင် စုထားတာ။ အဲ့ဒီအိမ်က လူတစ်ယောက်က အဆုတ်ကင်ဆာဖြစ်နေတာ။ မီးထဲ ဆေးတွေရော၊ ပိုက်ဆံတွေလည်းပါသွားတယ်” လို့ အခုလိုပြောပါတယ်။
အခုလက်ရှိအချိန်အထိ စစ်ကောင်စီတပ်သားတွေက ဩဂုတ်လ ၈ ရက်နေ့ကတည်းက ရွာသားတွေကို စစ်ကြောင်းတစ်လျှောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာသားအချို့ကိုပြန်လွတ်ပေးကာ ဧကနိရွာက ရွာသား ၈ ဦးထက်မနည်းကိုလည်း အခုလက်ရှိအချိန်အထိ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ရွာ ၈ ရွာ လောက်က ဒေသခံ ၃၀၀၀ ကျော် နီးစပ်ရာရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်ရတာ ဒီထက်ပိုအချိန်ပိုကြာလာရင် စစ်ဘေးရှောင်တွေအတွက် ရိက္ခာနဲ့ ဆေးဝါးအခက်အခဲတွေ ရှိလာနိုင်တယ်လို့ စစ်ဘေးရှောင်ကူညီပေးနေတဲ့ အမျိုးသမီးသမီးက ဆိုပါတယ်။
အဆိုပါ နဘုလယ်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေနဲ့ ရေဖြူအခြေစိုက် ခမရ ၄၀၇၊ ကလိန်အောင်အဖြေစိုက် ခမရ ၄၀၈ နဲ့ ခလရ ၂၈၂ တပ်ရင်းတွေက ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလက်ရှိ နဘုလယ်ဒေသမှာ နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေပြီး စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လူနေအိမ် ၁၀၀၀ နီးပါးလောက် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်တွေရဲ့ ပြောစကားအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)