သြဂုတ်လ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးမှာရှိတဲ့ လက်ခတ်တောင်တပ်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ စစ်ကောင်စီတပ်က ကြိုးစားနေတာကြောင့် လက်ခတ်တောင်အနီးတစ်ဝိုင်မှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ Cobra Column ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ခတ်တောင်တပ်စခန်းကုန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က KNLA ပူးပေါင်းစစ်ကြောင်းတွေ ဖြစ်တဲ့ Cobra Column နဲ့ နဂါးဖြူစစ်ကြောင်းတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က လက်ခတ်တောင်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် လက်ခတ်တောင်အနီးတစ်ဝိုက်ကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေနေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ Cobra Column က ဗိုလ်ဒါဘောက ပြောပါတယ်။
“အခြေနေကတော့ လက်ခတ်တောင်ကိုပြန်ရဖို့တော့ သူတို့တောက်လျှောက်ထိုးနေတာဘဲ၊ အခုဆိုရင် ကျွန်တော်တို့သိမ်းပိုက်ပြီးတဲ့အချိန်ကစပြီးတော့ အခုချိန်ထိဆို စစ်ကြောင်းပြန်လည်ရရှိဖို့ ထိုးလာတာ ဒီကနေ့ဆို ၁၀ ကြိမ်ရှိပြီးပေါ့၊ စစ်ကြောင်းကတော့ ၃ ကြောင်း၊ ၂ ကြောင်းပေါ့နော် ခွဲပြီးထိုးတာတွေ တွေ့ရမယ်” လို့ သူကပြောပါတယ်။
အခုလိုတိုက်ပွဲတွေကြောင့် မေတ္တာလင်းမြိုင်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်းအနီးတစ်ဝိုက်နဲ့ တုံးတံတားကျေးရွာတွေဘက်က ဒေသခံ ၆၀၀ ကျော်လောက်ဟာ မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
လက်ရှိအချိန် လက်ခတ်တောင်အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၁ လ နီးပါးကြာမြင့် နေတာကြောင့် စစ်ဘေးတိမ်းရှောင်နေသူတွေကို လာရောက်လှူဒါန်းတာတွေ နည်းပါးလာပြီး ဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
“စစ်ဘေးရှောင်တွေကတော့ လက်ရှိဘုန်းကြီးကျောင်းတွေ မှာရှောင်နေကြတယ်၊ တုံးတံတားဘက်က ရွာတွေအကို မေတ္တာလင်းမြိုင်ဘက်ကလည်းပါတယ် ရေဘေးရှောင်တွေနဲ့ရောပြီးထားထားတယ် သူတို့စစ်ရှောင်ရတာက ၁ လပြည့်တော့မယ် လာလှူတဲ့လူတွေနည်းသွားပြီး ရက်ကလည်းကြာနေပြီး ဆိုတော့လေ၊ အဓိကကတော့ စားသောက်တာနဲ့ မိုးရွာတော့ အမိုးအကာတွေအောက်မှာ နေရတာ လူတွေကြပ်တယ်” လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ်အတွင်းမှာရှိတဲ့ ကော့ကရိတ်၊ မြဝတီ၊ ကျုံဒိုး၊ ဖာပွန်၊ သံတောင်ကြီးနဲ့ ကြာအင်းဆိပ်ကြီး မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေမကြာခဏ ထိခိုက်ဒဏ်ရာရရှိနေတယ်လို့ KNLA သတင်းရင်းမြစ်တွေရဲ့ ပြောစကားအရသိရပါတယ်။
သတင်း – ကိုဖြိုး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)