ဩဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၁ နာရီမှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဖာပွန်မြို့ဒေသခံတွေက ပြောပါတယ်။
ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဗုံးခွဲတိုက်ခိုက်ခံရလေ့ရှိပြီး သြဂုတ်လ ၁၁ ရက်နေ့ညကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်အပါအဝင် လူဝင်မှုကြီးကြပ်ရေးရုံး၊ စာရင်းစစ်ရုံးနဲ့ ဥပဒေရုံးတို့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်
“လူမထိဘူး၊ ညဘက်ဆိုတော့၊ မနေ့ည ၁၁ နာရီလောက်ကကွဲတာ၊ ၄လုံးကွဲတယ်၊ ဒီနေ့လည်ပိုင်း ၁နာရီခွဲလောက်က ပေါက်တယ်၊ အထဲမှာ မိုင်း ၃ လုံးကျန်နေသေးတယ် လဝက ရုံးမှာ” လို့ ဖာပွန်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
ဖာပွန်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဗုံးကြဲတိုက်ခိုက် ခံနေရတာကြောင့် ရုံးတွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာလူ၊ ပစ္စည်းတွေမရှိတော့တာကြာပြီး ကမမောင်းနဲ့ ဘားအံမြို့နယ်တွေဘက်မှာပြောင်းရွှေ့နေထိုင်ကြတယ်လို့ ဖာပွန်မြို့ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့ညကလည်း ဖာပွန်မြို့ပေါ်ရှိ သစ်တောဦးစီးဌာနရုံး ဗုံးခွဲတိုက်ခိုက် ခံရတာကြောင့် မီးလောင်ပျက်စီးခဲ့သလို ဇူလိုင်လ ၁၇ ရက်နေ့ကလည်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီရုံး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
လက်ရှိအချိန် ကရင်ပြည်နယ်ထဲရှိ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်နဲ့ ဖာပွန်မြို့တွေမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Tahn (People’s Radio Myanmar)