သြဂုတ်လ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်- NCA ပျက်သွားပြီလို့ KNU ကရင်အမျိုးသား အစည်းအရုံးမှ တရားဝင်ထုတ်ပြန်ကြေငြာပြီးနောက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှလည်း ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။
သြဂုတ်လ ၁၀ ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းရုံးဘက်မှ တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ်-NCA ပျက်သွားပြီလို့ တရားဝင်ထုတ်ပြန်ကြေညာပြီးနောက် Cloud Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ဝမ်းပမ်းတသာကြိုဆိုကာ KNU/KNLA တပ်ဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ထုတ်သွားမယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ခံကိုငြိမ်းကပြောပါတယ်။
“KNU/KNLA အပါအဝင် ERO တွေ့ရဲ့ဦးစီးဦးဆောင်ပြုမှုနဲ့ ကျွန်တော်တို့က တောက်လျှောက် တိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်၊ အခုလို NAC စာချုပ် ပျက်ပြယ်ပြီးလို့ KNU က တရားဝင်ထုတ်ပြန် ကြေငြာလိုက်တဲ့အပေါ်မှာ ကျွန်တော်တို့ Cloud Wings Drone အဖွဲ့အနေနဲ့ ဝမ်းသာစွာနဲ့ကြိုဆိုပါတယ် ရှေ့ဆက်ပြီးတော့လည်း KNU/KNLA အတူလက်တွဲပြီးတော့ စစ်ကောင်စီကို စစ်ရေးအရ ပိုမိုတိုက်ခိုက်သွားမှာပါ” လို့ သူကပြောပါတယ်။
အခုလို့ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်-NCA ပျက်ပြယ်သွားတာကို ဝမ်းသာပီတိ ဖြစ်ပေမဲ့ စာချုပ်ပျက်ပြယ်သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်မှ ကျေးရွာတွေအတွင်းကို ပိုမိုစစ်ကြောင်းထိုးလာကာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်လာမှာကို စိုးရိမ်မိတယ်လို့ Kyaikto Revolution Force မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“တော်လှန်ရေးဘက်ကကြည့်ရင်တော့ကောင်းတာပေါ့ စကစကို အမြစ်ပြတ်တိုက်ခိုက်မဲ့ သဘောဆောင် တာပေါ့ အဆိုးဘက်ကကြည့်ရင်တော့ စစ်ကြောင်းတွေပိုထိုးလာနိုင်တယ် ပိုပြီးရက်စက်လာနိုင်တယ် ရွာတွေ ပြည်သူတွေ ထိခိုက်လာနိုင်တယ် အဲ့လိုတော့မြင်တယ် ကောင်းကျိုးဆိုးကျိုးတော့ရှိတာပေါ့ ဒီ NCA ပျက်တာက တော်လှန်ရေးဘက်ကကြည့်ရင် ချမဲ့သူတွေဘက်က ကြည့်ရင်တော့ ကောင်းတာပေါ့ ဒီဟာပျက်သွားလို့ ရွာတွေ ပြည်သူတွေကို လေယာဥ်နဲ့ ကြဲတာတွေ လုပ်လာနိုင်တာပေါ့” လို့ သူကပြောပါတယ်။
NCA စာချုပ်ပျက်ပြယ်သွားတယ်ဆိုပေမဲ့ ကရင်ပြည်နယ်ဒေသတချို့မှာတော့ စစ်ကောင်စီတပ်နဲ့ BGF တပ်က သွားလာမှုတွေ တိုက်ခိုက်ခွင့်မရပဲ စစ်ရေးအရ စောင့်ကြည့်နေရတဲ့ အခြေနေတွေလည်း ရှိတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် စစ်ကြောင်းအချို့ရဲ့ပြောစကားအရသိရပါတယ်။
ကရင်ပြည်နယ် ကြားအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာသာ mission လုပ်ဆောင်ခဲ့ပေမဲ့ အခုနောက်ပိုင်း mission တွေကို ကြားအင်းဆိပ်ကြီးတစ်မြို့ထဲမဟုတ်ပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက ဒေသတွေကို ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလုပ်ဆောင်သွားမှာဖြစ်တယ်လို့ Cloud Wings Drone အဖွဲ့မှ တာဝန်ခံကိုငြိမ်းကဆိုပါတယ်။
အခုလက်ရှိအချိန်မှာလည်း ကရင်ပြည်နယ်အတွင်းက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ သံတောင်မြို့နယ်တွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Karen National Union
Phar Si Than (People’s Radio Myanmar)