ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ရွာသစ်ကုန်းကျေးရွာနားမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းလောက်က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
ရွာသစ်ကုန်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ နာရီလောက်က စစ်ကောင်စီ တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကားလမ်းပိတ်ဆို့တာတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းလောက်ကလည်း ရွာသစ်ကုန်းအနီးမှာနဂါးဖြူစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ KNLA တပ်ရင်း-၁၈နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေထပ်မံဖြစ်ပွား ခဲ့တယ်လို့ ကော့ကရိတ်မြို့ဒေသခံတွေက ပြောပါတယ်။
“တိုက်ပွဲက နှစ်ခေါက်ဖြစ်တယ်၊ နေ့လည် ၁၂ ကျော်လောက်မှာတစ်ခါ၊ ညနေပိုင်းမှာတစ်ခါဖြစ်တယ်၊ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးက ရမ်းပစ်တာဘဲ၊ ခရီးသွားတဲ့ ကားတွေလည်း ကြည့်ပြီးသွားရတယ်” လို့ ကော့ကရိတ်မြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ကော့ကရိတ်မြို့အနီး စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဖက်စစ်ရေးအခြေအနေတင်းမာနေပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပူးပေါင်းစစ်ကြောင်းတွေ နေရာယူထားရတယ်လို့ နဂါးဖြူစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီ ၅ ရက်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတယ်၊ ကော့နွဲ့၊ ကမိုင်ကုန်း ဘုရားကုန်းဘက်ကို၊ အခုလက်ရှိ PDF တွေ ပူးပေါင်းစစ်ကြောင်းတွေက နေရာယူထားကြတယ်ဗျ” လို့ သူကပြောပါတယ်။
ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးပစ်ခတ်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံပြည်သူတွေ မကြာခဏထိခိုက်ဒဏ်ရာရရှိနေပါတယ်။
ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီးနဲ့ ဖာပွန်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး ဒေသတွင်းမှာလည်း ရေကြီးရေလျှံဖြစ်ပွားနေတာကြောင့် ဒေသခံတွေမှာ လူမှုစီးပွားဘဝတွေ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ KNLA သတင်းအရင်းမြစ်တွေရဲ့ ပြောစကားအရသိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)