သြဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ရွာသစ်ကုန်းနဲ့ ကော့နွဲ့ကျေးရွာအကြားရှိ ကုန်ကားကြီး ရေဆေးဆိုင်တန်းအနီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ကုန်ကားယာဥ်မောင်းသူတွေထံမှသိရပါတယ်။
သြဂုတ်လ ၈ ရက်နေ့ ညနေ ၅ ကနေပြီး ၂ နာရီကျော်ကြာတဲ့အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အခုလိုတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ကုန်ကားမောင်းသူတစ်ဦးကပြောပါတယ်။
“ညနေ ၅ နာရီလောက်ကနေ ည ၇ နာရီကျော် အလင်းရောင်မရှိတော့တဲ့အချိန်မှရပ်တယ် ကျွန်တော်တို့ရဲ့ ကားတွေက တောင်ခြေအလယ်လောက်မှာရပ်ထားတာ ကော့ကရိတ်ဘက်ကနေ စပြီးတော့ လက်နက်ကြီးနဲ့ပစ်ကူပြီးတော့ စစ်ကြောင်းထိုးတာ သူတို့လည်းရောက်လာရော တိုက်ပွဲစဖြစ်တာပဲ၊ စစ်ကြောင်းအင်အားကတော့များတယ် ဘယ်လောက်လည်းမသိဘူး ကျွန်တော်တို့လည်းပုန်းနေရတာ” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ယာဥ်မောင်း တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကုန်ကားတချို့ ကျည်မှန်ခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
“ထိတာကတော့ ကျွန်တော်တို့ကားတွေထိတာပေါ့ သူတို့က ကျွန်တော်တို့ကားတွေကို အကာကွယ်ယူပြီး ပစ်တာ ကားသမားတစ်ယောက်ထိတယ်ကြားတယ် ကားထိတာကတော့အတိအကျမသိဘူး ဒီမနက်အခြေနေကောင်းတာနဲ့ ကျွန်တော်တို့လည်း ပြန်လှည့်လာခဲ့တာ” လို့ သူကပြောပါတယ်။
အခုလိုယာဥ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သတ်ပြီး ဖားစည်သံသတင်းဌာနအနေနဲ့ မြေပြင်တိုက်ပွဲအနေကို အတည်ပြုနိုင်ခြင်းတော့မရှိသေးပါဘူး။
နှစ်အဖက်ပြန်လှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ကုန်တင်ကားကြီး ၃ စီးမှာ ကျည်စထိမှန် ထားတယ်လို့ ကုန်ကားယာဥ်မောင်းတစ်ဦးကပြောပါတယ်။
“ကော့ကရိတ်အကျော် အာရှလမ်းတောင်ပေါ်မတက်ခင် ရေဆိုင်အတန်းတွေရှိတဲ့နေရာ ခြံထဲက ကားသုံးစီးကျည်ထိမှန်ထားတယ် အဲ့ရေဆိုင်တန်းမှာ တပ်စိပ်ချထားတာကြာပြီ” လို့ သူကပြောပါတယ်။
ဒါ့အပြင် သြဂုတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအတွင်း မြေပြိုကျကာ ကားလမ်းပျက်စီးခဲ့တဲ့အပြင် မြဝတီတောင်ပေါ်လမ်းဟောင်းနဲ့ ထို့ကော်ကိုးလမ်းပိုင်းတွေမှာပါ တောင်ပြိုကျတာ လမ်းပျက်စီးတာတွေကြောင့် ကားအသွားအလာတချို့ရပ်နားခဲ့ရပြီး သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်းအချိန်မှာတော့ မြဝတီ-ကော့ကရိတ် လမ်းဟောင်းကနေ အိမ်စီးကားတချို့ ပြန်လည်သွားလာနေကြပြီလို့ ယာဥ်မောင်းတွေကပြောပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးနဲ့ ကြားအင်းဆိပ်ကြီးမြို့နယ် တွေဘက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့အပြင် ဒေသတွင်းမှာလည်းစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေရှိနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)