ဩဂုတ်လ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရေကြီးရေလျှံတာတွေဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူ ၃၀၀၀ ကျော် စားသောက်နေထိုင်မှုတွေမှာ အခက်အခဲဖြစ်ပေါ်နေတယ်လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတွေဆီက သိရပါတယ်။
မြဝတီမြို့မှာ ဩဂုတ်လ အစပိုင်းလောက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းကာ သောင်ရင်းမြစ်ရေ တိုးလာတာကြောင့် မြဝတီမြို့ ရပ်ကွက်အနိမ့်ပိုင်းတွေမှာရှိတဲ့ အိမ်ခြေ ၅၀၀ ကျော်က ဒေသခံ ၃၀၀၀ ကျော်ဟာ လက်ရှိအချိန်မှာ စားသောက်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ ရေဘေးသင့် ပြည်သူတွေကို ကူညီလုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။
“အိမ်ခြေ ၅၀၀၊ ၆၀၀ ဝန်းကျင်လောက်မြုပ်သွားတယ်၊ ကမ်းနားဘက်အပိုင်းတွေပေါ့၊ လိုတာကတော့ စားဖို့သောက်ဖို့ပါဘဲ အဓိကကတော့၊ နေတာကတွေ ဘုန်းကြီးကျောင်းတွေမှာဘဲ ခွဲပြီးထားရတာပေါ့၊ အဓိကကတော့ အစားအသောက်ပါဘဲ ကျန်တာကတော့မလိုသေးဘူး၊ ရက်ရှည်မဟုတ်တော့” လို့ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
မြဝတီမြို့က ရေဘေးသင့်ပြည်သူတွေကို ကြခတ်တောဘုန်းကြီးကျောင်း၊ ကိုးနဝင်းဘုန်းကြီးကျောင်း၊ တောရကျောင်း၊ ဓိဌာန်အောင်ဓမ္မာရုံ၊ အောင်မင်္ဂလာဓမ္မာရုံနဲ့ စနေဆွမ်းလောင်းဓမ္မာရုံတွေမှာ နေရာစီစဥ်ပေးထားပြီး စားသောက်ရေးအပြင် နေရာမလုံလောက်တဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဓိဌာန်အောင်ဓမ္မာရုံမှာ နေထိုင်နေသူတစ်ဦးက ပြောပါတယ်။
“အစားအသောက်ကတော့ ထမင်းဗူးလာလှူတာတွေရှိတယ်၊ လူများတော့ မလောက်ဘူး၊ ဒီမှာဘဲ ၁၀၀ ကျော် ၂၀၀ လောက်ရှိနေတယ်၊ မိုးရွာနေတော့ မိုးပတ်တာတွေနဲ့ အခင်းအကာ မလောက်တာတွေလည်း ရှိတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ကရေဘေးသင့်ပြည်သူတွေအတွက် ကျန်းမာရေးဌာနသီးသန့်မရှိတာကြောင့် ကလေးငယ်တွေဖျားနာနေကြပြီး ရေဘေးတိမ်းရှောင်ရတဲ့ ရက်အနည်းငယ်ကြာလာတာကြောင့် အလှူရှင်တွေလျော့နည်းသွားတယ်လို့ အရပ်ဖက်လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“အစားအသောက်နဲ့ ဆေးဝါးလိုအပ်တယ်၊ မိုးရွာတော့ ကလေးတွေဖျားကြတယ်၊ ကျန်းမာရေးဌာနလည်း မရှိဘူး၊ ဒီကြားထဲ ရေကြီးတော့ပိုဆိုးတာပေါ့၊ ရက်ကြာတော့အလှူရှင်တွေလည်း မလာနိုင်တော့ဘူး၊ အခုလောလောဆယ်တော့ ရေကပြန်သန့်သွားတယ်၊ ပြန်လို့တော့မရသေးဘူး” လို့ သူကပြောပါတယ်။
ကရင်ပြည်နယ်ထဲက မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ လှိုင်းဘွဲမြို့တွေမှာ မိုးအဆက်မပြန်ရွာသွန်းပြီး မြစ်ရေတိုးလာတာကြောင့် ရေကြီးရေလျှံတာတွေဖြစ်ပေါ်နေပြီး ဒေသတွင်းမှာလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရင်းမြစ်တွေပြောစကားအရ သိရပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)