သြဂုတ်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြိုကျကာ ကားလမ်းပျက်စီးသွားတာ ကြောင့် ကားအသွားအလာတွေမှာလည်း ရပ်နားထားရတယ်လို့ ယာဥ်မောင်းတွေထံမှသိရပါတယ်။
သြဂုတ်လ ၇ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်အချိန်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးမှာ မြေပြို ကျကာ ကားလမ်းပျက်စီးသွားတဲ့အပြင် ထို့ကော်ကိုးလမ်းပိုင်းနဲ့ တောင်ပေါ်လမ်း (လမ်းဟောင်း)ပိုင်း တွေမှာပါ တောင်ပြိုကိုကျတာ၊ လမ်းပျက်စီးတာတွေကြောင့် အဲ့ဒီလမ်းပိုင်းတွေမှာပါသွားမရပဲ ကားအသွားအလာတွေကို ရပ်နားထားရတာဖြစ်တယ်လို့ ယာဥ်မောင်းတစ်ဦးကပြောပါတယ်။
“မရဘူး ရေကြီးတာက ဆိုင်ကယ်ပါဖြတ်လို့မရဘူး ရေလည်းကြီးတယ်၊ လမ်းတွေလည်းပြိုတယ် တောင်ပြိုတာ လောလောဆယ် ဘယ်ကားမှသွားလို့မရဘူး ထို့ကော်ကိုးလမ်းလည်းသွားလို့မရဘူး လမ်းဟောင်းကလည်းသွားလို့မရဘူး အကုန်ရေတိုက်စားထားလို့ ပြိုပျက်စီးနေတယ် လောလောဆယ် သွားလို့မရသေးဘူး တောင်တွေတအားပြိုနေတယ် လောလောဆယ် မပြင်ရသေးဘူး ရေတွေတော့ တိုက်စားနေတုန်းပဲ မိုးကလည်းမတိတ်သေးတော့လေ”လို့ သူကပြောပါတယ်။
ကုန်ကားမောင်းသူတစ်ဦးကလည်း “လမ်းဟောင်းကလည်းပိတ်ထားတယ် ကားတွေမပေးဖြတ်ဘူး” လို့ သူကပြောပါတယ်။
ထို့ကော်ကိုးလမ်းပိုင်းရှိ ပျက်စီးနေတဲ့လမ်းတွေကို မြေဖို့ပြုပြင်ပြီး သြဂုတ်လ ၈ ရက်နေ့ ညနေပိုင်း (သို့မဟုတ်) ၉ ရက်နေ့မှာ စိတ်ချလို့ရတဲ့အနေအထားမှသာ လမ်းပိုင်းကိုသွားခွင့်ပြုမယ်လို့ သင်္ဃန်းညီနောင်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“သူတို့မနေ့ကပြောတာကတော့ ဒီနေ့ ၈ ရက်နေ့ညနေမဟုတ်ရင် မနက်ဖန်လောက်မှသွားလို့ရမယ်တဲ့ မြေကြီးတွေဘာတွေဖို့ဦးမယ်လို့ပြောတယ် သူတို့စိတ်ချမှလွှတ်မယ် စိတ်မချရင်မလွှတ်ဘူး အဲ့ဒီ ထို့ကော်ကိုးလမ်းက” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကြီးမြေပြိုကျမှုဖြစ်စဥ်အတွင်း တစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ကော့ကရိတ်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။
မြဝတီမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ၊ ရေကြီးရေလျှံတာတွေအပြင် ကုန်ဈေးနှုန်းပါမြင့်တက်နေတာကြောင့် ဒေသခံပြည်သူတွေမှာ နေထိုင်စားသောက်ရေးတွက် ခက်ခဲလာတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
အခုလက်ရှိအချိန်မှာလည်း မြဝတီမြို့ကနေ ကော့ကရိတ်ဘက်ကိုဆင်းမဲ့ ကားအစီးရေ ရာနဲ့ချီရှိနေကာ စစ်ကောင်စီတပ်ရဲ့ သင်္ဃန်းညီနောင်အဖွဲ့စုံစစ်ဆေးရေးဂိတ်ကနေဆက်သွားလို့မရပဲ ယာဥ်တန်း ပိတ်မိနေတယ်လို့ ကုန်ကားယာဥ်မောင်းတွေကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ ဘားအံ၊ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနဲ့ လှိုင်းဘွဲမြို့နယ်တွေဘက်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပြီး မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုးနဲ့ ကြာအင်းဆိပ်ကြီး မြို့နယ်တွေဘက်မှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုတွေရှိနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si than (People’s Radio Myanmar)