ဩဂုတ်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး လက်ခတ်တောင်မှာ ဩဂုတ်လ ၇ ရက်နေ့ မနက် ၆ နာရီလောက်ကစပြီး ဒီကနေ့မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့အနီး လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားပြီး ဇူလိုင်လ ၂၁ ရက်မှာ KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းကုန်းကို သိမ်းယူထားပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က လက်ခတ်တောင်တပ်စခန်းကုန်းကို ပြန်လည်သိမ်းယူနိုင်ရန် အတွက် အစွမ်းကုန်ကြိုးစားနေပြီး လက်ခတ်တောင်အနီးမှာ Cobra Column၊ နဂါးဖြူစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြဝတီမြို့ဒေသခံတွေက ပြောပါတယ်။
“ညနေပိုင်းလောက်အထိဘဲချတာ၊ လက်နက်ကြီးနဲ့ပစ်တာ ၁၀၀ ကျော်တယ်၊ နဂါးဖြူစစ်ကြောင်း လည်းပါတယ်၊ မနေ့က တုံးတံတားဘက်မှာလည်းဖြစ်တယ်၊ စစ်မှုထမ်းဟောင်းဘက်မှာလည်းဖြစ်တယ်” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်အထိ လက်ခတ်တောင်အနီးမှာ တိုက်ပွဲဆက်လက်ဖြစ်ပေါ်နေပြီး မြဝတီမြို့မှာရှိတဲ့ စစ်တပ်ကုန်းနေရာစုံကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့ Cobra Column က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
“လက်ရှိမှာတော့ တိုက်ပွဲကဆက်လက်ဖြစ်ပွားနေတယ်၊ မြဝတီမြို့ရဲ့ စစ်တပ်ကုန်းနေရာစုံကနေ လက်နက်ကြီးတွေနဲ့ပစ်နေတယ်၊ စစ်တပ်ဘက်က သေတာများတယ်လို့ကြားတယ်၊ အတည်မပြုနိုင် သေးပါဘူး” လို့ သူကပြောပါတယ်။
အခုလို မြဝတီမြို့အနီး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်၊ ကျောက်လုံးကြီးဘုန်းကြီးကျောင်းအနီးတစ်ဝိုက်နဲ့ လက်ခတ်တောင် ဒေသဘက်တွေမှာနေထိုင်တဲ့ ဒေသခံ ၆၀၀ ကျော် မြဝတီမြို့ထဲက ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောပါတယ်။
“တောရကျောင်းမှာ လက်ရှိ ၁၇၀ ကျော်ရှိတယ်၊ ကြခတ်တောမှာ ၁၀၀ ကျော်ရှိတယ် စစ်ဘေးရှောင်တွေ၊ တစ်ခြားကျောင်းတွေမှာလည်း စစ်ဘေးရှောင်တွေ ခွဲပြီးနေထိုင်နေကြပါတယ်၊ အခုက မိုးရွာတော့ နေထိုင်တာကြပ်တယ် ပြီးတော့ စစ်ရှောင်တာက ၁ လနီးပါးကြာတော့ လာလှူတဲ့လူတွေနည်းလာတယ်” လို့ သူက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်နဲ့ သံတောင်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် ရေကြီးရေလျှံမှုတွေလည်း ဖြစ်ပွားနေ ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)