ဩဂုတ်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကောင်စီတပ်က ထုတ်ဝေလိုက်တဲ့ ငွေကျပ် ၂၀,၀၀၀ တန်အပေါ် တနင်္သာရီတိုင်းထဲရှိ ပကဖတွေရဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူတွေအတွက် အခက်အခဲဒုက္ခတွေ ရင်ဆိုင်လာနေရတယ်လို့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုက ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က အသစ်ထုတ်လုပ်လိုက်တဲ့ ငွေကျပ် နှစ်သောင်းတန်ကို ကိုင်ဆောင်အသုံးပြုတာတွေပြုလုပ်မယ်ဆိုရင် အပြစ်ပေးအရေးယူမယ်လို့ သရက်ချောင်းမြို့နယ် (ပကဖ)နဲ့ တနင်္သာရီမြို့နယ် (ပကဖ)က ထုတ်ပြန်ကြော်ငြာလိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်အပေါ် ပြည်သူလူထုကြားထဲမှာ အကွဲအပြားတွေဖြစ်လာနိုင်တာ၊ ငွေကျပ် နှစ်သောင်းတန် စက္ကူဟာ နည်းလမ်းအမျိုးမျိုးကြောင့် ပြည်သူတွေလက်ထဲရောက်လာနိုင်ပြီး အပြစ်ပေးအရေးယူမယ့်အပေါ်မှာ လက်ခံနိုင်ဖို့ခက်ခဲတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားသူ ကိုဝေယံစိုးက ပြောပါတယ်။
“ကျနော်တို့တွေးရမှာက ငွေကြေးကပြည်သူ့လူထုလက်ထဲရောက်ရှိလာပြီဆိုရင် အခြေအနေအမျိုးမျိုး ဖြစ်နိုင်တယ်။ မသုံးချင်ဘဲ သုံးရမယ့်အနေအထားမှာဖြစ်လာနိုင်တယ်။ တဖက်ကလည်း ပြည်သူလူထု တွေက စားဝတ်နေရေးအကျပ်အတည်းတွေကြားထဲမှာ ရုန်းကန်နေကြရတယ်။ အမျိုးမျိုးဖိနှိပ်မှုတွေ ကြားထဲမှာ ဒီလိုလုပ်လိုက်ခြင်းက ပြည်သူလူထုအတွက် ပိုအကြပ်ရိုက်စေတယ်။ အပြစ်ပေးအရေးယူမဲ့ ဟာကလည်း လက်သိပ်ခံနိုင်ဘူး။ လူတွေကြားထဲကွဲပြားမှုဖြစ်လာနိုင်တာက နှစ်သောင်းတန်ကိုင်တဲ့ လူကဘဲ ဒလန်လိုလိုပြောတဲ့ဟာမျိုးတွေဖြစ်လာနိုင်သလို၊ ပဋိပက္ခတွေအများကြီးဖြစ်လာနိုင်တယ်” လို့ သူကအခုလိုပြောပါတယ်။
အခုလက်ရှိအချိန်မှာတော့ သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မြိတ်-ထားဝယ် ကားလမ်းမကြီးအပေါ်မှာ စစ်ဆေးမှုတွေလုပ်ဆောင်နေပြီး တွေ့ရှိပါက အပြစ်ပေးအရေးယူမှုတွေကို လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးက “သူတို့က လက်ဝယ်တွေ့ရင်လည်း ဘာအပြစ်ဒဏ် ပေးမယ်ဆိုတာ သတ်မှတ်ထားတာမျိုးမရှိသေးဘူး။ မကိုင်ဆောင်အောင် သတိပေးထုတ်ပြန်တာက ခြိမ်းခြောက်တဲ့ပုံစံဖြစ်နေတော့ လူတွေကကြောက်နေကြတာပေါ့။ ကျနော်တို့အနေနဲ့လည်း ပြည်သူတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာမျိုး မရှိသေးဘူးလေ” လို့ သူကအခုလိုပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထုတွေက ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်အပေါ် စိုးရိမ်နေမိတယ်လို့ ပြောပါတယ်။
အသေးစားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “အဲ့ဒီပိုက်ဆံကို သုံးတော့မသုံးချင်ဘူးပေါ့။ ဒါပေမဲ့ လာဝယ်ရင်လည်း မယူရင်လည်းကြောက်ရတယ်။ ယူရင်လည်း လာစစ်တဲ့အချိန် တခုခုဖြစ်မှာ ကြောက်တယ်။ ကျနော်တို့က စစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြားထဲမှာ ကြားညှပ်နေတယ်။ လူတွေလက်ထဲတော့ တစ်နည်းမဟုတ်တစ်နည်းကရောက်လာမှာဆိုတော့ အပြစ်ပေးတာမျိုးတော့ မလုပ်စေချင်ဘူး” လို့ သူကပြောပါတယ်။
အပြစ်ပေးအရေးယူမယ့်ပုံစံနဲ့ပတ်သတ်ပြီ သရက်ချောင်းမြို့နယ်(ပကဖ)ကို ကျမတို့ People’s Radio Myanmar အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း စစ်ကောင်စီတပ်ထုတ်ဝေတဲ့ ငွေစက္ကူကို တရားမဝင်ငွေကြေး အဖြစ် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ကြော်ငြာခဲ့ပြီး တစ်နိုင်ငံလုံးရှိ ဒေသအတွင်း တော်လှန်ရေးအဖွဲ့တွေကလည်း သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ငွေကျပ်နှစ်သောင်းတန်ထုတ်ဝေမှုကြောင့် တနင်္သာရီတိုင်းထဲမှာ ရွှေဘိုပေါ်ဆန်း ၁ အိတ် ကို ၁၁၀,၀၀၀ ကျပ်ကနေ အခုဆိုရင် ၁၆၀,၀၀၀ ကျပ်၊ ရွှေ ၁ ကျပ်သားကို ၂၉ သိန်းကနေ အခုဆိုရင် ၃၆ သိန်းအထိ အဆမတန်မြင့်တက်လာခဲ့တာကြောင့် ပြည်သူလူထုတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)