သြဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ မိုးဆက်တိုက်ရွာသွန်းကာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အပြင် ကုန်ဈေးနှုန်းတွေမှာလည်း မြင့်တက်လာတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လ နောက်ဆုံးအပတ်ကနေ မိုးအဆက်မပြတ်ရွာသွန်းကာ တောင်ကျရေစီးဆင်းမှုတွေကြောင့် မြဝတီမြို့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေကာ အခြေခံစားသောက်တွေဖြစ်တဲ့ ဆန်မှာ ၆ ပြည်တစ်အိတ်ကို အရင်က ၃ သောင်းကျပ်ကနေ အခု ၃၆၀၀၀ ကျပ်အထိရှိလာပြီး တခြားကုန်ပစ္စည်းတွေမှာလည်း ဈေးမြင့်တက်လာ တယ်လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဆန်ကအရင်က ၆ ပြည်အိတ် ၁ အိတ်ကို ၃ သောင်း အခု ၃၆၀၀၀ ဖြစ်သွားပြီ ၊ ဆီကအရင်တုန်းက ၄ ထောင် ၁ လီတာကို အခု ၄၅၀၀၊ ၄၈၀၀၊ အာလူးကတော့ အရင်တုန်းက ၄၀၀၀ အခု ၄၅၀၀ ဖြစ်သွားပြီး ကြက်သွန်ကတော့သိပ်မတက်ဘူး အခုထိ ၃၀၀၀ ပဲ အရင်ကဈေးနဲ့သိပ်မကွာဘူး၊ ခေါက်ဆွဲခြောက်ကတော့ အရင်ကတစ်ဖာကို ၁၈၀၀၀ အခု နှစ်သောင်းကျော်သွားပြီ” လို့ သူကပြောပါတယ်။
မြဝတီမြို့အတွင်းက ကြက်ဥရောင်းဝယ်တဲ့ဆိုင်အများစုမှာ ကြက်ဥ အဝယ် ပြတ်လပ်နေပြီး ဝယ်ယူလို့မရတော့ဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦက ပြောပါတယ်။
“ကြက်ဥက ဆိုင်တိုင်းနီးပါးပြတ်နေတယ် ရေကြီးနေတော့ ကြက်ဥကားတွေ မလာဘူးတဲ့ ခုလောလောဆယ် ဘယ်နေရာမှသွားလို့မရဘူး” လို့ သူကပြောပါတယ်။
ဒါ့အပြင် မြဝတီမြို့ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၄ ရပ်ကွက်၊ အမှတ် ၅ ရပ်ကွက်ကနေ မြေနီကုန်း အာရှလမ်းမကြီးအထိကို ရေကြီးရေလျှံနေကာ အလုပ်တွေရပ်နားထားရပြီး ကုန်ဈေးနှုန်းတွေပါ မြင့်တက်လာကြောင့် လူမှုစီးပွားဘဝတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေ ထံမှသိရပါတယ်။
မြဝတီမြို့တွင်းရေကြီးရေလျှံမှုတွေကြောင့် မြေနိမ့်ပိုင်းရပ်ကွက်တွေက ဒေသခံပြည်သူ ၈၀၀ ကျော်လောက်ကိုလည်း ကိုးနဝင်းဘုန်းကြီးကျောင်း၊ တောရကျောင်းဘုန်းကြီးကျောင်းနဲ့ ကျခတ်တောဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်အတွင်းကဒေသတွေဖြစ်တဲ့ မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးတွေဘက်မှာ မိုးရွာသွန်းကာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွေရှိနေတယ်လို့ KNLA စစ်ရေးသတင်းအရင်းအမြစ်တွေ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)