ဩဂုတ်လ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဩဂုတ်လ ၃ ရက်နေ့ ည ၇ နာရီခွဲလောက်က စစ်ကောင်စီတပ်မှ လက်ခတ်တောင်ဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြဝတီမြို့၊ လက်ခတ်တောင်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့လောက်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၀ ရက်နေ့မှာ လက်ခတ်တောင်ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်က လက်ခတ်တောင်ရှိ BGF စခန်းကို ပြန်လည်သိမ်းယူနိုင်ရန်အတွက် ကြိုးစားနေပြီး လက်ခတ်တောင်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြဝတီမြို့ဒေသခံ တွေက ပြောပါတယ်။
“လက်နက်ကြီးနဲ့ ဆက်တိုက်ချနေတာ၊ ည ၇ နာရီကျော်ထဲက၊ အသံက နီးနီးလေး၊ မေတ္တာလင်းမြိုင် ဆေးခန်းနားကနေ လက်ခတ်တောင်ကိုပစ်နေတာ” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မြဝတီမြို့အနီးတစ်ဝိုက်မှာရှိတဲ့ အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ မေတ္တာလင်းမြိုင်၊ ပွင့်လင်းအေးမြိုင်နဲ့ ကျောက်လုံးကြီးအနီးတစ်ဝိုက်က ဒေသခံ ၆၀၀ ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရပါတယ်။
“တောရကျောင်းထဲမှာ စစ်ဘေးရှောင်တွေ ပြည့်သိပ်နေရော၊ အခုဆိုရင် ရေဘေးဒုက္ခသည်တွေလည်း ထပ်တိုးလာတယ်၊ အခုဆိုရင် ကျောင်းဝန်းထဲမှာပါ လူတွေကြပ်နေပြီး ၇၀၀ ကျော်လောက်ရှိနေတယ်” လို့ မြဝတီမြို့ခံတစ်ဦးက ဆိုပါတယ်။
လက်ရှိအချိန် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်က ကျောက်လုံးကြီးဘုရား အနောက်ဘက်ရပ်ကွက်ထဲကနေရာတစ်ချို့မှာ တပ်စွဲနေထိုင်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ သံတောင်မြို့နဲ့ ဖာပွန်မြို့တွေမှာ တိုက်ပွဲတွေနေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူ့နေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတွေ ထိခိုက်ပျက်စီး တာတွေ ပိုပြီးများပြားလာပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)