ဩဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့၊ သံလွင်တံတားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က စစ်ကောင်စီတပ်က လုံခြုံရေးကို အရင်ကထပ်ပိုပြီးတင်းကြပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဘားအံမြို့၊ သံလွင်တံတားမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက်ပိုင်း ၆ နာရီ ၄၅ မိနစ်မှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူတွေနဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာပါ။
အခုလို ကားမိုင်းပေါက်ကွဲပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်က သံလွင်တံတားဖြတ်သန်းသွားလာခွင့်ကို မနက် ၆ နာရီကနေ ညနေ ၇ နာရီ အထိ ပြောင်းလဲသတ်မှတ်လိုက်တဲ့အပြင် လုံခြုံရေးကိုလည်း အရင်ကထက်တင်းကြပ်လာတယ်လို့ ဘားအံမြို့ဒေသခံတွေဆီက သိရပါတယ်။
“အခုဆိုရင် လုံခြုံရေးတွေ ၊စစ်တပ်ကလူတွေ ပိုပြီးချထားတယ်၊ အရင်ကဆိုရင်တံတားကို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ပေးသွားတယ်၊ အခုက မနက် ၆ ကနေ ည ၇ နာရီအထိဘဲ ပေးသွား တော့တယ်၊ ဖုန်းတွေကတော့ အရင်ကလိုဘဲ စစ်တယ်” လို့ ဘားအံမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဘားအံ-မော်လမြိုင်-ရန်ကုန် ကားလမ်းကို ညအချိန်မတော် ဖြတ်သန်းသွားလာခြင်းမပြုဖို့ကို တော်လှန်ရေး တပ်ဖွဲ့တွေက သတိပေးထားပါတယ်။
အဆိုပါသံလွင်တံတား စစ်ဆေးရေးဂိတ် ကားမိုင်းပေါက်ကွဲမှုမှာ အရပ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကို တောင်ကလေး စစ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“တစ်ယောက်ကပွဲချင်းပြီးသေတယ်၊ ကျန်တဲ့လူတွေကို တောင်ကလေး စစ်ဆေးရုံကိုပို့လိုက်တယ်၊ သေတဲ့လူတွေ ၁၀ ယောက်လောက်ရှိမယ်၊ သတင်းမှာတော့တစ်ယောက်အသေဘဲပြထားတယ်” လို့ ဆေးရုံနဲ့နီး စပ်သူတစ်ဦးက ပြောပါတယ်။
ဘားအံမြို့၊ သံလွင်တံတားစစ်ရေးဂိတ်အနီးမှာ မိုင်းခွဲခံရတာတွေ မကြာခနဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ကလည်း သံလွင်တံတားနား မှာဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်ထဲက ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့နဲ့ သံတောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ရာရုံးတွေ မကြာခန ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရတာ၊ဗုံးပစ်တိုက်ခိုက်ခံရတာတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပု – CJ
Phar Si Than (People’s Radio Myanmar)