သြဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တံခွန်တိုင်ကျေးရွာအတွင်းရှိ တံခွန်တိုင်ရဲစခန်းအနီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်အချိန်မှာ တံခွန်တိုင်ရဲစခန်းအနီး စစ်ကောင်စီတပ်ဘက်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်အကြာဖြစ်ပွားခဲ့တယ်လို့ တံခွန်တိုင်ကျေးရွာရှိ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“မနေ့ကလည်း ပစ်ကြသေးတယ် ခဏပဲ ဈေးဝယ်ထွက်ရင်းတွေ့ကြတော့ပစ်ကြတာ ရဲစခန်းနား ထိခိုက်ဒဏ်ရာရတာတော့မသိရဘူး စကစဘက်ကတော့ ၄၀ မမနဲ့ပြန်ပစ်တယ်” လို့ သူကပြောပါတယ်။
ဒေသခံအမျိုးသမီးတစ်ဦးကလည်း”မနေ့ကအသံမြည်တယ် အခြေအနေပြန်လှုပ်လာတယ် ကြည့်ရတာ” လို့ သူကပြောပါတယ်။
တံခွန်တိုင်ကျေးရွာအတွင်းစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေပြီး သြဂုတ်လ ၂ ရက်နေ့မှာလည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုအသေးစားဖြစ်ပွားခဲ့တယ်လို့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“တံခွန်တိုင်ရဲစခန်းနဲ့ထိတွေ့မူအသေးစားဖြစ်တယ် ထိခိုက်ကျဆုံးမူကတော့ ကျွန်တော်တို့ဘက်က မရှိဘူး သူတို့ဘက်ကတော့ ထိ၊ မထိမသိရသေးဘူး စစ်ရေးကတော့ တင်းမာနေတုန်းပဲ” လို့ သူကပြောပါတယ်။
ကျေးရွာအတွင်း ATOM ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ခံထားရကာ စစ်ကောင်စီတပ်ဘက်မှလည်း နေ့တိုင်းနီးပါး ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်အတွင်း တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့တာကြောင့် ခလယ်၊ ပုလိန်၊ တံခွန်တိုင်ကျေးရွာတွေက ပြောင်းရွှေ့နေထိုင်ကြတဲ့ ဒေသခံတွေမှာလည်း ကျေးရွာအတွင်း ပြန်လည်နေထိုင်ကြပြီလို့ဆိုပါတယ်။
စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ တံခွန်တိုင်ရဲစခန်းမှာ မကြာခဏဆိုသလို ဒရုန်းနဲ့ဗုံးကြဲခံနေရ တာလည်းဖြစ်ပါတယ်။ ကရင်ပြည်နယ်အတွင်းက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ဖာပွန်မြို့နဲ့ သံတောင်မြို့တွေမှာလည်း စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နေ့တိုင်းနီးပါ တိုက်ပွဲဖြစ်ပွားနေကာ ဘားအံမြို့နဲ့ လှိုင်းဘွဲမြို့ကဒေသတချို့မှာတော့ နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေဆဲဖြစ်တယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)