“သူမပြောတဲ့တော်လှန်ရေးအကြောင်း”
ကျွန်မက နန်းနီမိုပါ အရင်တုန်းကတော့ ကျောင်းသူတယောက်ပါပဲ။ မိဘလုပ်စားထိုင်စားပြီးတော့ မိဘထောက်ပံ့တာကိုသုံးနေတဲ့အချိန် ဘာအပူအပင်မှမရှိခဲ့ဘူး။ ကျောင်းတက်တဲ့အချိန်တုန်းကလည်း စာတော်တဲ့ကျောင်းသားစာရင်းထဲမှာပါတယ် ဘက်စုံထူးချွန်ဆုအထိရခဲ့ဖူးတယ်။ ဒါတွေက အရင်တုန်းကပါ…..
ဒီလိုနဲ့စစ်တပ်က အာဏာသိမ်းတော့ အာဏာရှင်စနစ်ရဲ့ကျွန်ပညာရေးကို အလိုမရှိတဲ့အတွက် နွေဦးတော်လှန်ရေးမှာ CDM ကျောင်းသူတယောက်အဖြစ်ပါဝင်ခဲ့တယ်။ နောက်ပြီးတော့ Keyboard Fighter အဖြစ်နဲ့ သတင်းတွေတင်တယ် speak out လုပ်ရင်းနဲ့ နွေဦးတော်လှန်ရေးကို တတ်နိုင်တဲ့ ဘက်ကနေ အားဖြည့်ခဲ့တယ်။ ပြောရရင် အဲ့အချိန်တုန်းက အာဏာစသိမ်းတဲ့နှစ်လည်းဖြစ်တော့ ကျောင်းမတက်တဲ့ ကျောင်းသားတွေလည်း အရမ်းများခဲ့တယ်။
နောက်ပြီးတော့ အွန်လိုင်းမှာလုပ်တဲ့ ကျောင်းသားဆန္ဒပြပွဲတွေ၊ ကျောင်းမတက်ဖို့ ဆန့်ကျင်တဲ့ အရေးတွေနဲ့ ကိုယ့်ကျောင်းကိုပြန်ပြီး စော်ကားတယ်ဆိုပြီးတော့ ငယ်ငယ်ထဲက ကျူရှင်သင်ပေးနေတဲ့ ဆရာမက ကျွန်မကို ၅၀၅ က၊ ၆၆ ဃ ပုဒ်မ ၂ ခုနဲ့ စတင်တရားစွဲတာကို ခံခဲ့ရတယ်။
ဆရာမကျေးဇူးနဲ့ပဲ ကျွန်မ အချုပ်ထဲမှာ ၃ ရက်လောက်နေခဲ့ရတယ်။ ကျွန်မကို လာဖမ်းတုန်းကဆိုရင် Probox ကားနဲ့လာဖမ်းတာ ဖမ်းတဲ့အထဲမှာ သုံးပွင့်နဲ့ရဲမေ တယောက်ရယ်၊ ရပ်ကွက်ကဆယ်အိမ်မှုးနဲ့ ရဲတယောက်အပါဝင် အားလုံးပေါင်း အရပ်ဝတ်နဲ့ (၃) ယောက်လာဖမ်းတယ်။ “အိမ်ကိုရောက်တာနဲ့ ဖုန်းကိုအရင် ထုတ်ခိုင်းတော့တာပဲ ဒါပေမယ့် ကျွန်မက သူတို့ကို မထုတ်ပေးဘူး” အဲ့တာကိုမကျေနပ်တော့ လက်မောင်းကို သေညှစ်ပြီး လက်ထိပ်ခတ်ပြီး စခန်းကိုဖမ်းခေါ်သွားတယ်။
စခန်းရောက်လို့ အမှုစစ်တော့လည်း သူတို့မေးတာကိုမပြောလို့ဆိုပြီး ဆံပင်တွေဆွဲပြီး ပါးတွေကို စရိုက်တော့တာပဲ။ နှိပ်စက်တာတွေကတော့မျိုးစုံပဲ အဲ့မှာ ကျွန်မ နှာခေါင်းရိုးကကျိုးသွားတယ်၊ နောက်ပြီးတော့ ညာဘက်ကျောကို သေနတ်ဒင်နဲ့ထုခံထားရတဲ့နေရာတွေဆိုရင် ဒဏ်ဖြစ်ပြီး အခုထိနာတုန်းပဲ။
မိသားစုအသိုင်းအဝိုင်းကလည်း DKBA လက်နက်ကိုင်အသိုင်းအဝိုင်းဖြစ်တော့ ကျွန်မ အသက် ၁၃ နှစ်အရွယ် ၂၀၁၅ ကနေ ၂၀၁၇ အထိ DKBA မှာ လက်နက်ကိုင်တယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ မိဘရဲ့အရှိန်အဝါနဲ့ရော DKBA ကိုယ်ပိုင်နံပတ်ကဒ်လည်းရှိဖူးတော့ အဲ့ဒီ့ကဒ်ရယ် ငွေသားသိန်း ၂၀ ရယ်နဲ့ လာဘ်ထိုးပြီး အာမခံနဲ့ လာပြန်ထုတ်တော့မှ ကျွန်မ အချုပ်ထဲကနေ ထွက်ခဲ့ရတယ်။
ပြန်လွတ်လာတော့လည်း နေအိမ်အကျယ်ချုပ်ဘဝနဲ့ (၂)လကျော်လောက် နေခဲ့ရတယ်။ အဲ့အချိန်မှာ ကျွန်မကို ဖုန်းလည်း ပေးမသုံးသလို အပြင်လည်းပေးမသွားဘူး ဆိုင်ကယ်လည်းပေးမမောင်းတဲ့ အခြေအနေတွေနဲ့ကြုံခဲ့ရတယ်။ မှတ်မှတ်ရရ အဲ့အချိန်မှာ ကိုဗစ်ဒုတိယလှိုင်းတွေစနေပြီး ကိုဗစ်တွေ ဖြစ်နေတဲ့အချိန်မှာ အိမ်ကတူလေးလည်း ကိုဗစ်ကပ်ရောဂါ ကူးစပ်တာခံလိုက်ရတယ်။
ကျွန်မတူလေးက နှလုံးရောဂါသည်ဆိုတော့ အောက်စီဂျင်အိုးထွက်ဝယ်ဖို့လိုလာတယ်။ အိမ်က ကားတွေကလည်း တစီးမှမရှိတဲ့အချိန် ဆိုင်ကယ်နဲ့သွားဖို့ကလည်း အိမ်မှာက မိန်းမသားတွေပဲရှိနေတော့ ဘယ်သူမှ မမောင်းတတ်ကြဘူးလေ။ အဲ့ဒီမှာ ကျွန်မတယောက်ပဲ ဆိုင်ကယ်စီးတတ်တော့ အောက်စီဂျင်အိုးသွားဝယ်ဖို့ အိမ်ပြင်ထွက်လာခဲ့တယ်။
လမ်းမှာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့တွေ့တော့ သူကဘာပြောလဲဆိုတော့ “နင်က အကျယ်ချုပ် ချခံထားရတာ နင့်ကိုအပြင် ပေးထွက်စရာဘာအကြောင်းမရှိဘူး နင်အပြင်ထွက်လို့မရဘူး” အဲ့မှာ သူနဲ့ကျွန်မ အငြင်းပွားနေတာ အချိန် ၁ နာရီ လောက်ကြာသွားခဲ့တယ်။ ခံပြင်းလွန်းလို့ တူလေးအတွက် အောက်စီဂျင်ဝယ်ဖို့ပါလာတဲ့ ပိုက်ဆံ လေးသိန်းကို လက်ထဲ ကျစ်ကျစ်ပါအောင် ကျွန်မဆုတ်ထား လိုက်မိတယ်။
သိပ်မကြာလိုက်ပါဘူး သူအငြင်းပွားနေရင်းနဲ့ပဲ အိမ်ကအမေက ဖုန်းဆက်လာတယ်လေ “ပြန်လာခဲ့တော့တဲ့ သွားဝယ်နေလည်း ပိုက်ဆံကုန်တာပဲရှိမယ် ဘာမှမထူးတော့ဘူးတဲ့” ဆိုတော့ ကျွန်မ အိမ်ကိုပဲပြန်လာခဲ့ လိုက်တယ်။ အိမ်ကိုရောက်တော့ သေဆုံးနေပြီးတဲ့ ကျွန်မတူလေးရဲ့အလောင်းကို တွေ့လိုက်ရတဲ့အချိန်မှာ “ငါသာ အချိန်မကြာပဲ အောက်စီဂျင်အိုးဝယ်လာနိုင်ခဲ့ရင်” ဆိုတဲ့အပြစ်တင် တဲ့စိတ် နောက်ပြီးတော့ ကိုယ်ကိုတိုင် ကိုယ့်ရဲ့ အသွေးအသား ကိုယ့်ဆွေမျိုးကို ပြန်သတ်လိုက်သလို ဖြစ်တဲ့ခံစားချက်က ဘာနဲ့မှလဲလို့မရခဲ့ဘူး။
အဲ့အချိန်တည်းကစပြီး ရင်ထဲမှာ နာကြည်းချက်တွေက တစ်စထက်တစ်စ ကြီးထွားလာခဲ့တယ်။ ကိုဗစ်ကြောင့် မိဘတွေရဲ့စီးပွားရေးကလည်း တဖြေးဖြေး ကျဆင်းလာတဲ့အပြင် မိဘတွေရဲ့ အိမ်ထောင်ရေးကအစ အဆင်မပြေ လာတာတွေဖြစ်လာတယ်။ လူငယ်ဘဝမှာလည်း အိမ်က ချုပ်ချယ်တာကိုမကြိုက်တာရယ်နဲ့ အကြောင်းကြောင်းတွေကြောင့် ၂၀၂၁ ခုနှစ် ၆ လပိုင်း ၂၉ ရက်နေ့မှာ တောထဲကို ပြန်ဝင်သွားတယ် အဲ့အချိန်မှာ ကျွန်မအသက်က ၁၈ နှစ်တောင်မပြည့်သေးဘူး။
တောထဲစဝင်တော့ တပ်မဟာ ၁ ဘက်ကိုဝင်သွားတယ်။ အဲ့မှာ UG တွေကိုသင်တန်းပေးနေတဲ့အချိန်မှာ ကျွန်မ သင်တန်းသွားတက်တယ်။ ၁၀ လပိုင်းလောက်ကျတော့ လေးကေ့ကော်ကိုထပ်ပြောင်းတယ် အဲ့ရောက်တော့ နောက်ထပ်သင်တန်းတခုထပ်တက်တယ် အခု ကော်ဘရာဖြစ်နေတဲ့ တပ်ရင်းကြီးပေါ့ အဲ့မှာရွှေတြိဂံဆိုတဲ့စခန်းမှာ ကျွန်မသင်တန်းတက်ပြီးတော့ ပြန်လာခဲ့တယ်။ အဲ့ချိန်မှာ လေးကေ့ကော် တိုက်ပွဲဖြစ်တော့ အရင်ဆုံးစစ်ဘေးစရှောင်ခဲ့ရတယ်။
လက်နက်ကိုင်စဥ်ကာလမှာလည်း ခက်ခဲမှုမျိုးစုံကိုကြုံခဲ့ရတယ်။ ၂၀၂၂ ခုနှစ် ၆ လပိုင်း ၇ လပိုင်း လောက်မှာ ကော့နွဲ့စခန်းကုန်းသိမ်းပွဲဖြစ်တယ်။ အဲ့ဒီမှာ မိန်းကလေးလည်း ရှေ့တန်းလိုက်ခွင့်ရှိသလို ယောကျာ်းလေးလည်း ရှေ့တန်းလိုက်ခွင့်ရှိတယ်။
အဲ့တော့ ကျမရှေ့တန်းသွားဖို့ဆုံးဖြတ်ခဲ့တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ကံဆိုးစွာနဲ့ ကျမပေါင်ကို ကျည်ဆံက ဖြတ်မှန်တယ် လက်မှာလည်း လက်နက်ကြီးစမှန်ထားတယ် အဲ့တာကိုတပ်ရင်းအနေနဲ့ ဘာမှမလုပ်ပေးနိုင်ဘူး ဒီယမ်းစမှန်တဲ့ဒဏ်ရာတွေ လက်နက်ကြီးစမှန်တဲ့ဒဏ်ရာတွေက တောထဲမှာ ဒီတိုင်း မောဖင်းတလုံးထိုးပြီး ကိုယ့်အသက်ကို ကိုယ်ကယ်ခဲ့ရတယ်။
တချို့တပ်ရင်းတွေကျတော့ ကိုယ့်ရဲဘော် အသေးအဖွဲ့လေးဖြစ်တာတောင် မဲဆောက်ပို့ပြီး ဆေးကုပေးတယ် အဲ့လိုမျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် ကိုယ့်တပ်ရင်းကတော့ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး။ တပ်ရင်းမှာ ကျွန်မ ၁ နှစ်ကျော်နီးပါး တာဝန်ထမ်းဆောင်ခဲ့တာတောင် ခြေအိတ်တစုံမရခဲ့ဖူးဘူး ။
နောက်ပြီးတော့ လိင်ပိုင်းဆိုင်ရာနဲ့ပက်သက်ပြီးတော့ တောထဲကအရာရှိတွေ အကြီးပိုင်းတွေကပဲ စကားနဲ့ အမြတ်ထုတ်တာတွေကို ကိုယ်တိုင်ကြုံခဲ့ရဖူးတယ် ဒါတွေကိုကိုင်တွယ် ဖြေရှင်းအရေးယူဖို့ ဆိုတာကလည်း “မျက်နှာကြီးရာ ဟင်းဖက်ပါ” ဆိုတဲ့စကားအတိုင်း တရားမျှတမှုကလည်းပျောက်ဆုံး နေတဲ့အပြင် ကိုယ်ကမိန်းကလေးဆိုတော့ ကိုယ်အရှက်ကွဲတာပဲ အဖက်တင်ခဲ့တယ်။
ကျွန်မအနေနဲ့ တော်လှန်ရေးအတွက် စပြီးခြေလှမ်းချလိုက်တဲ့အချိန်မှာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာတွေဖြစ်တဲ့ ပထမဆုံးအနေနဲ့ပြောရရင် မိသားစု နောက်ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ ဝါသနာနဲ့ တက်နေရတဲ့ကျောင်းကို လက်လွှတ်လိုက်ရတယ်။ တော်လှန်ရေးအတွက် အမှန်တရားဘက်က ရပ်တည်ပြီး လက်နက်ကိုင်ဘဝကို လျှောက်လှမ်းတဲ့အခါမှာလည်း ဆုံးရှုံးလိုက်ရတဲ့ အရာတွေလည်း အများကြီးရှိတယ်။ အဲ့ဒီထဲမှာမှ အကြီးမားဆုံး ဆုံးရှုံးလိုက်ရတာက ကျွန်မရဲ့ချစ်သူ နောက်ပြီးတော့ ကျွန်မ သူငယ်ချင်းတွေ……ပါတယ်။
အရင်တုန်းကတော့ တော်လှန်ရေးလုပ်တယ်ဆိုတာ စစ်တိုက်မှ၊ သေနတ်ကိုင်မှ တော်လှန်ရေးလုပ်တာ လို့ထင်ခဲ့ဖူးတယ်။ အခုနောက်ပိုင်းတော့ နောက်တန်းကနေ တတ်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ ပေးတာကလည်း လက်နက်ကိုင်ခြင်းတမျိုးပါလား ဆိုပြီးတွေးမိခဲ့တယ်။
ကျွန်မအခု ခံယူထားတာကတော့ တော်လှန်ရေးက “ငါတို့နဲ့ မဆိုင်ဘူးလား” ဆိုတော့ မဟုတ်ဘူးဆိုင်တယ်။ ဒါပေမယ့်တော်လှန်ရေးက “ငါတို့အတွက်ဘာမှမကြည့်ပေးခဲ့ဘူး” အဲ့တော့ “တော်လှန်ရေးက မကောင်းတာ မဟုတ်ဘူး တော်လှန်ရေးထဲကလူတွေကမကောင်းတာ” အဲ့အတွက်ကြောင့် “တော်လှန်ရေးကိုစိတ်နာတယ်လည်း မဟုတ်ဘူး တော်လှန်ရေးထဲက လူတွေကိုစိတ်နာတာ” ဒီလိုအခြေအနေမှာကျတော့ စိတ်နာတာလို့ သုံးနှုန်းလို့မရဘူး စိတ်ကောက် တယ်လို့ပဲ ကျွန်မသုံးနှုန်းချင်တယ်။ ဒါပေမယ့် အခုဒီချိန်မှာတော့ ခဏနားတယ် အခြေနေတခု ရောက်လာရင်တော့ တောထဲကိုပြန်သွားမှာပါ….
ကျွန်မ မြင်တာကို ပွင့်ပွင့်လင်းလင်းပြောရရင် တော်လှန်ရေးလမ်းစဥ်ထဲမှာ တော်လှန်ရေးလုပ်တဲ့သူက (၃) မျိုးပဲရှိတယ်။ ပထမ တစ်မျိုးက တော်လှန်ရေးကိုတကယ့် စိတ်ပါလက်ပါနဲ့လုပ်တဲ့သူ၊ ဒုတိယတစ်မျိုးက တော်လှန်ရေးကို ငွေမျက်နှာတစ်ခုတည်းနဲ့လုပ်တဲ့သူ၊ နောက်ဆုံးတခုကတော့ တော်လှန်ရေးမှာ အနေအစားချောင်လို့ လုပ်တဲ့သူရယ်ဆိုပြီး ကျွန်မကတော့ ခွဲခြားသတ်မှတ်ထားတယ်။
ကျွန်မတို့ရဲ့လူငယ်တွေရဲ့စိတ်ထဲမှာ အာဏာရှင်ကိုတော်လှန်ဖို့ စစ်တိုက်ချင်တဲ့စိတ်တခုပဲရှိခဲ့တယ်။ ဘာအရောင်မှမရှိတဲ့ အဖြူထည်စိတ်လေးတွေနဲ့ တော်လှန်ရေးထဲကိုစရောက်လာခဲ့တယ်။ တော်လှန်ရေးထဲက လူတချို့ရဲ့ အရောင်ဆိုးခြင်းကိုခံလိုက်ရတဲ့အခါမှာ လူငယ်တွေဟာ ဒီတော်လှန်ရေးထဲကနေ ခေါင်းစဥ်မျိုးစုံနဲ့ခွဲထွက် လာကြတာကိုမြင်ရတယ်။
တောထဲမှာနေစဥ်ကာလထဲက NUG၊ CRPH ကို ဂရုလည်းမစိုက်ခဲ့ဘူး။ အာရုံလည်းမလာဘူး သူတို့ထောက်ပံ့မှ ထမင်းစားရမယ်ဆိုတာလည်းမရှိဘူး။ မဲဆောက်ရောက်တဲ့အချိန်မှာမှ အရေးစိုက်လာပြီးတော့ NUG ကို ထောက်ပံ့ပေးဖို့အတွက် အခေါက်ခေါက်အခါခါစာတင်တယ် ဒါပေမယ့် ကျွန်မ အခုချိန်ထိ NUG ဆီက ထောက်ပံ့ငွေ တစ်ကျပ် တစ်ဘတ်မှ ရမလာခဲ့ဘူး။
အခုဆိုရင် လူငယ်တွေတော်တော်များများဟာ တော်လှန်ရေးထဲမှာလမ်းပျောက်ကြတယ်။ တော်လှန်ရေးထဲက CDM ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်နဲ့ ရှေ့ဆက်ရမယ့် ဘဝတွေအတွက်လည်း NUG က ဘာအစီအစဥ်မှရှိမနေသလို ဘာတာဝန်ယူမှု မှလည်းမရှိခဲ့ဘူး။ ကျွန်မတို့လည်း သူများတွေလို ကျောင်းတက်ချင်တယ်။ သူများတွေနဲ့ တန်းတူ ပညာသင်ကြားခွင့် ရချင်တယ်။
ကျွန်မ ဒီတော်လှန်ရေးကြီး အမြန်ဆုံးပြီးဖို့ အမြဲတမ်းဆုတောင်းနေမိတယ်။ ဒါတွေအားလုံးပြီးသွားရင် လူငယ်တယောက်ရဲ့ ဘဝကိုရိုးရိုးရှင်းရှင်းလေး ဖြတ်သန်းချင်တယ်။ ပိုက်ဆံရှာမယ်။ ကိုယ်ဝါသနာပါတာလေးတွေကိုလုပ်မယ် နောက်ပြီးတော့ ကိုယ့်ကိုချစ်တဲ့သူတွေရဲ့အနားမှာနေပြီး သူတို့အတွက် အချိန်ပေးချင်တယ်။