သြဂုတ်လ ၁ ရက်၊ ၂၀၂၃ ခုနှစ်
မြန်မာနိုင်ငံအတွင်း နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တစ်နေ့တခြားကုန်ဈေးနှုန်းတွေမြင့်တက်လာတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေထံမှသိပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တစ်နေ့တခြား ကုန်ဈေးနှုန်းမြင့်တက်လာတဲ့အပြင် မြို့တွင်း အခြေခံစားသောက်ကုန်တွေဝယ်ယူတဲ့ အခါမှာလည်း အရင်လို လိုသလောက်ဝယ်ယူလို့မရတော့ဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အဲ့ဒီသတင်းစထွက်တဲ့နေ့ကတည်းက ဈေးတက်တာလက်ကုန်ပေါ့၊ ပစ္စည်းတွေကလှောင်ကုန်ပြီးလေ မှာလို့တောင်မရတော့ဘူး ပစ္စည်းအကုန်လုံးက အရောင်းတောင်ပိတ်သွားတယ် အိတ်ဆွဲပြီး မရောင်းတော့ဘူး တစ်ပိတ်ဿာစ နှစ်ပိဿာစ အဲ့လိုတွေပဲပြန်ရောင်းတော့တယ်” လို့ သူက ပြောပါတယ်။
အခုလို ၂သောင်းတန်ငွေထုတ်ဝေမယ်ဆိုတဲ့သတင်းထွက်ပေါ်လာပြီးနောက်ပိုင်း ကြာအင်းဆိပ်ကြီးမြို့မှာ ဆန်နဲ့စားဆီအပါအဝင် စားသောက်ကုန်တချို့မှာလည်း ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“ဆန်အိတ်ကျတော့ ၁ အိတ်ကို ၇ ထောင် လောက် တက်သွားတယ်ပုံမှန်ဈေးထက်ကို ၇ သောင်းဆိုရင် ၇၇၀၀၀ ဖြစ်သွားတယ်ပေါ့၊ ဓာတ်ဆီကျတော့ ၁ ဂါလံကို ၁၅၀၀ တက်တယ်၊ အရင်က ဆီ ၅ ပိဿာ တစ်ပုံးကို ၅ဝ၀၀၀၊ အခုကျတော့ ၅ ပိဿာကို ၆၂၀၀၀ မနက်တုန်းက တက်တာကတော့ နေ့တိုင်းပဲ ပစ္စည်းတွေကတော့ ကြက်သွန်ဆိုရင် ၂၄၀၀၀ အခု ၃၀၀၀၀၊ အားလူးဆိုရင် တစ်ပိဿာ၂၅၀၀ အခု ၃၅၀၀ ကုန်ဈေးနှုန်းတွေကတဖြေးဖြေးနဲ့ကို အကုန်တက်နေတာ”လို့ သူကပြောပါတယ်။
ဒေသခံအမျိုးသားတစ်ဦးကလည်း “နှစ်သောင်းတန်ထွက်မယ်သတင်းကြားတော့ နည်းနည်းတက်တယ် ခုနည်းနည်းတက်ပြန် ခုဆီတစ်ထုပ် ၄၅၀၀၊ ကြက်သွန် တစ်ပိဿာ ၃၅၀၀ သုံးချိုးတစ်ချိုးလောက်ပေါ့” လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ရွှေဆိုင်တွေမှာလည်း ရွှေဈေးအဆမတန်မြင့်တက်နေတာကြောင့် ရွှေထည်ပစ္စည်းရောင်းချတာတွေကို ရပ်နားထားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။
အခုလိုသတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း ကြာအက်းဆိပ်ကြီးမြို့နယ်တစ်ခုထဲကုန်ဈေးနှုန်း မြင့်တက်နေတာမဟုတ်ပဲ ကရင်ပြည်နယ်ရှိ ဒေသတွေအပါအဝင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာရ မြင့်တက်နေတာ လည်းဖြစ်ပါတယ်။
သြဂုတ်လ ၁ ရက်နေ့မှာလည်း စစ်ကောင်စီတပ်လောက်အောက်ခံဘဏ်တွေမှာ နှစ်သောင်းတန် ငွေစက္ကူတွေကို စတင်ဖြန့်ဝေနေပြီး သြဂုတ်လကုန်ပြီးချိန်မှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ အစိုးရဝန်ထမ်းတွေကို နှစ်သောင်းတန်ငွေစက္ကူနဲ့သာ လစာပေးမှာဖြစ်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်တွေထံမှသိရပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့ နဲ့သံတောင်မြို့ဘက်တွေမှာ တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားနေကာ စာသောက်ကုန်ပစ္စည်း သယ်ယူတဲ့လမ်းကြောင်းတွေမှာလည်း ပိတ်ဆို့မှုရှိနေတာကြောင့် ကုန်ဈေးနှုန်း ဆက်လက်မြင့်တက် နိုင်တယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)