ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲရှိ ကျေးရွာတစ်လျှောက်က ဒေသခံပြည်သူ ၇၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းတစ်လျှောက်ခေါ်ဆောင်သွားတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက ခေါင်ပြန်ရွာနဲ့ ဒိုက်ကထော်ရွာက ဒေသခံ ၃၀ ကျော်ကို ကံပေါက်ဒေသအခြေစိုက် ခလရ ၂၇၃ တပ်ရင်းက စစ်ကောင်စီတပ်သား အင်အား ၁၅၀ ကျော်က ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါစစ်ကြောင်းက ကံပေါက်ဒေသကနေ နဘုလည်ဘက်ကို စစ်ကြောင်းထိုး လာကာ လမ်းတလျှောက်မှာရှိတဲ့ရွာသားတွေကိုလည်း ထပ်မံဖမ်းဆီးခဲ့တယ်လို့ ရေဖြူမြို့နယ် ဒေသခံတစ်ဦးက ဆိုပါတယ်။
“တောက်လျှောက်ဖမ်းလာတာ လူ ၇၀ ကျော်လောက်ရှိတယ်။ လမ်းမှာတွေ့တဲ့ လူတွေအကုန်ဖမ်းတာ။ ရွာထဲဝင်လာရင် ယောင်္ကျားရှိလားမေးပြီး ဖမ်းသွားကြတာ။ သူတို့က လူသားဒိုင်းပုံစံနဲ့ ဖမ်းခေါ်လာတာ။ အဓိကက သူတို့သေမှာကြောက်လို့ လူတွေကိုကြားညှပ်ပြီးခေါ်လာတာ”လို့ မျက်မြင်တွေ့ရှိတဲ့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာလည်း နဘုလည်တိုက်နယ်ထဲရှိ လဲရှောင်ရွာသား ၆ ဦး ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပြီး အဖမ်းခံထားရသူ ၇၀ ကျော်ထဲက ၁၀ ယောက်ဝန်းကျင်ကိုတော့ ညကပြန်လွှတ်ပေးလိုက်တယ်လို့ နဘုလည်ဒေသမှ အမျိုးသမီးကအခုလိုပြောပါတယ်။
“ညနေ ၅ နာရီလောက်မှာ လဲရှောင်ရွာသား ၆ ယောက်ကိုဖမ်းသွားတယ်။ ဖမ်းခံရတဲ့လူတွေထဲက ၁၀ ယောက်ကျော်လောက်ကို ညကပြန်လွှတ်ခဲ့တာရှိတယ်” လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်တွေရဲ့ ညှင်းပန်းနှိပ်စက်မှုနဲ့ပတ်သတ်ပြီး မေးမြန်းဖို့ People’s Radio Myanmar အနေနဲ့ ဆက်သွယ်ခဲ့သော်လည်း အင်တာနက်အခက်အခဲကြောင့် ဆက်သွယ်လို့မရရှိခဲ့ပါဘူး။
ဖမ်းဆီးခံရတဲ့ ရွာသားတွေကို စစ်ကောင်စီတပ်သားတွေက ရိုက်နှက်နှိပ်စက်တာ၊ စစ်ကြောင်းတစ်လျှောက် ပြည်သူတွေကို စစ်တပ်ယူနီဖောင်းတွေဝတ်ခိုင်းပြီး လက်ထိပ်ခတ်ခေါ်ဆောင် နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
စစ်ရှောင်အရေးကူညီနေသူတစ်ဦးက “ပြည်သူတွေကဘာအပြစ်မှမရှိတာ။ အဖမ်းခံရရင် ရိုက်နှက် ထုထောင်းခံရတာဘဲလေ။ အခုလည်း ပြန်မလွှတ်ဘဲဖမ်းထားတဲ့သူတွေ အများကြီးကျန်နေသေးတာဘဲ။ ပိုက်ဆံနဲ့ပြန်ထုတ်ခိုင်းတာတွေလုပ်မှာဘဲ” လို့ သူကအခုလိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်းအထိ နဘုလည်ဒေသ ရေနက်ဆိပ်ကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းနဲ့ စစ်ကြောင်ထိုး ဝင်ရောက် နေတာကြောင့် ရေဖြူမြို့နယ်ထဲရှိ ကျေးရွာထဲက ဒေသခံပြည်သူထောင်နဲ့ချီ နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေက ရေဖြူအခြေအစိုက် ခမရ ၄၀၇၊ လောင်းလုံအခြေစိုက် ခလရ ၁၀၄၊ ကလိန်အောင်အခြေစိုက် ခမရ ၄၀၈ နဲ့ ခလရ ၂၈၂ တပ်ရင်းတွေက ဖြစ်တယ်လို့ ဒေသခံတွေ ပြောကြားချက်အရသိရပါတယ်။
တနင်္သာရီတိုင်းထဲမှာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – Social Media
Phar Si Than (People’s Radio Myanmar)