ဇူလိုင်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့၊ ပျားစခန်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇူလိုင်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ သံတောင်မြို့ကဘက်နေ ပျားစခန်းကျေးရွာဘက်ကို စစ်ကား ၇ စီးဆင်းလာပြီး ကားတစ်စီးဘီးပေါက်တာကို မိုင်းစွဲခံရတယ်အထင်နဲ့ အခုလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။
အခုလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပျားစခန်းကျေးရွာထဲက ဦးကုလားကာချား အိမ်ရှေ့မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကုလားကာချားရဲ့အမျိုးသမီးဖြစ်သူအပါအဝင် ဒေသခံတစ်ဦး သေဆုံးခဲ့ပြီး ဒေသခံ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဖြစ်တာက မနေ့က ၁၀ နာရီနဲ့ ၁၁ နာရီအကြား သံတောင်ကနေဆင်းလာတဲ့ ကား ၇ စီးထဲက၊ ၁ စီး ဘီးပေါက်တာပါ၊ ပျားစခန်းရွာအလယ်တည်တည်မှာ ဘီးပေါက်လို့၊ စစ်တပ်က သူတို့ဘာသာလန့်ပြီး၊ လက်နက်ကြီးတွေပစ်ခတ်တာ၊ လမ်းမဘေးမှာခုအပတ်မှ၊ အိမ်စငှားဈေးရောင်းမဲ့ ဦးကုလား ကာချားတို့က ဆိုင်စဖွင့်ချိန်နဲ့ တိုးလို့၊ သူ့အမျိူးသမီး ကျည်ထိပြီး သွေးလွန်ပြီးသေသွားရှာတယ်၊ အသက် ၅၂ နှစ်၊ နောက်တယောက်ကလည်း အမျိုးသား ၁ ယောက်နောက်ကျောနဲ့ ပေါင်ထိပြီး၊ ဆေးရုံမမှီခဲ့ဘူး” လို့ သူကပြောပါတယ်။
ဒဏ်ရာရရှိသူတွေကို သံတောင်မြို့ဆေးရုံကြီးမှာ ပိုဆောင်ထားပြီး ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
သံတောင်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက် တာတွေကို ပြုလုပ်ခဲ့တာကြောင့် ယာဒို၊ ကလေထ၊ ဝါသောခို၊ ပရယ်စိုအစရှိတဲ့ ကျေးရွာလေးရွာက ဒေသခံ ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
လက်ရှိအချိန် မိုးရာသီဖြစ်တဲ့အပြင် စစ်ကောင်စီတပ်က ဆေးဝါးသယ်ယူခွင့်ကိုလည်း ကန့်သတ်ထား တာကြောင့် စစ်ဘေးရှောင်တွေမှာ စားသောက်နေထိုင်ရေးတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ တယ်လို့ စစ်ဘေးရှောင်အရေးကူညီသူတွေဆီက သိရပါတယ်။
“အစားအသောက်ပြတ်လတ်တဲ့အခြေအနေနဲ့တော့မရင်ဆိုင်ရသေးပါဘူး၊ လိုအပ်တာတွေကတော့ အိုးခွက်ပန်းကန်၊ စောင်၊ ခြင်ထောင်မိုးကာတွေပါ၊ ဆေးဝါးကတော့ သယ်ယူရအခက်အခဲရှိပေမဲ့ အတက်နိုင်ဆုံးကူပေးကြပါတယ်၊ ကျွန်မတို့အခုချိန်မှာ အိမ်ထောင်စု ၁၅၆ စုက လူ ၆၀၀ ကျော်ကို တာဝန်ယူစောင့်ရှောက်နေရပါတယ်” လို့ စစ်ရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ဖာပွန်မြို့နဲ့ သံတောင်မြို့တွေမှာ တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု တွေကြောင့် ဒေသခံပြည်သူတွေ ဥယျာဥ်ခံမြေ၊ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အအုံတွေ တစ်စထက်တစ်စ ပိုမိုပျက်စီးလာပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)