ဇူလိုင်လ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းက စစ်ကောင်စီတပ်ရဲ့ နယ်လုံဝန်ကြီးအပါအဝင် အရာရှိ ၃ ဦးကို အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ ခိုင်လုံတဲ့သတင်းအရင်းအမြစ်တွေထံမှ သိရပါတယ်။
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် (ကရခ) ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ဝင်းကျော်သူ နဲ့ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း တို့ကို ဇူလိုင်လ ၂၆ ရက်နေ့က နေပြည်တော်အထူးအဖွဲ့က လာရောက်ဖမ်းဆီးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တစ်ခုက ပြောပါတယ်။
တနင်္သာရီတိုင်းရဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းကတော့ ဇူလိုင်လဆန်းပို်ငးလောက်မှာ ထိုင်းနိုင်ငံကနေ တရားမဝင်တင်သွင်းတဲ့ သိန်းပေါင်းများစွာတန်ဖိုးရှိ လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းတွေကို သိမ်းဆည်းကာ အလွဲသုံးစားပြုလုပ်ခဲ့တာကြောင့် အဂတိလိုက်စားမှုနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတာဖြစ်တယ်လို့ သိရပါတယ်။
“ ဖမ်းဆီးစစ်ဆေးခံနေရတာ အခြားအကြောင်းအရာလည်းပါချင်ပါမှာပေါ့။ သူက အဂတိလိုက်စားမှုနဲ့ နာမည်ကြီးနေတာလေ။ ဖြစ်ချင်တော့ ခရိုနီအကြီးစားတွေရဲ့ ပစ္စည်းတွေကို သိမ်းလိုက်ပြီးတဲ့အချိန်မှာ အခုလိုအဖမ်းခံရတော့တာဘဲ” လို့ တပ်နဲ့နီးစပ်သူတစ်ဦးက အခုလိုဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ နယ်လုံဝန်ကြီးကဖမ်းဆီးထိန်းသိမ်းခံနေရသလို သူ့ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ချိတ်ပိတ်သိမ်းဆည်းခံလိုက်ရတယ်လို့ သိရပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “ ပြည်သူတွေအတွက်ကတော့ ငစွေသွား၊ ငကန်းလာတာပဲရှိတာပေါ့။ အခုလိုအဖမ်းခံရလို့ အစားထိုးခံရတဲ့သူတွေက ပိုပြီးကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်လာနိုင်တာပေါ့၊ အဖမ်းအဆီးပိုများလာမယ်၊ ပိုပြီးအနေအစားကြပ်လာမယ်” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ အရာရှိအကြီးပိုင်းတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ရာထူးမှဖယ်ရှားခံရတဲ့ဖြစ်ရပ်တွေဟာ တနင်္သာရီတိုင်းအတွင်း ပထဆုံးအကြိမ်ဖြစ်ပါတယ်။
အခုလို တနင်္သာရီတိုင်းထဲမှာ စစ်ကောင်စီတပ်ရဲ့ ရာထူးအကြီးတွေကို ဖမ်းဆီးအရေးယူတာနဲ့ပတ်သတ်ပြီး စစ်ကောင်စီရဲ့ ပြန်ကြားရေးဘက်က တစ်စုံတစ်ရာထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။
လက်ရှိမှာတော့ ကော့သောင်းခရို်င၊ ခမောက်ကြီးမြို့၊ အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းကျော်သူကို နေပြည်တော်မှာ ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်ပြီး ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်ချုပ် သစ်လွင်ထူးကိုတော့ ရာထူးမှဖယ်ရှားလိုက်ပြီဖြစ်တယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
သတင်း- နော်အယ်နီး
ပုံ- Myeik Now
Phar Si Than ( People’s Radio Myanmar)