ဇူလိုင်လ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်းရေဖြူမြို့နယ်စပ်က အလယ်စခန်းအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ၆ ရက်အကြာတိုက်ပွဲဖြစ်ပွားဖြစ်ခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ ၂ ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ရဲ့ ခမရ-၄၀၇၊ ခလရ-၁၀၄၊ ခမရ -၄၀၈၊ ခလရ-၂၈၂ တပ်တို့ကနေ ခန့်မှန်း အင်အား ၃၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်း ၄ ကြောင်း ထိုးလာတာဖြစ်ပါတယ်။
အခုလို စစ်ကောင်စီတပ်က စစ်ကြောင်း ၄ ကြောင်းထိုးပြီးဝင်ရောက်လာတာကြောင့် ဇူလိုင်လ ၂၄ ရက်နေ့ထိကို စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း ၂၇၊ YGF-ရေးပြောက်ကျားတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အများအပြားသေဆုံးခဲ့တယ်လို့ YGF-ရေးပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးက-စောခေတ်သစ်ကပြောပါတယ်။
“စစ်တပ်ဘက်က သိမ်းဆည်ရမိတာမျိုးတော့မရှိသေးဘူး၊ သိမ်းလို့ရတဲ့အခြေအနေမှာမရှိလို့ပါ အနားမှာရွာတွေတော့ရှိပေမဲ့ ရွာနဲ့တော့ဝေးတယ် ရွာကရှောင်ရတာမျိုးတော့ မကြားသေးပါဘူး စစ်တပ်က လေကြောင်းကတော့ လာထောက်လှမ်းတာမျိုးပဲရှိတယ် သေဆုံးတာနဲ့ပတ်သက်ပြီး မြေပြင်မျက်မြင်အတည်ပြုတာပါ”လို့ သူကပြောပါတယ်။
၆ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အများအပြားထိခိုက်ဒဏ်ရာရရှိကာ အယောက် ၁၀၀ သေဆုံးခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့မှထုတ်ပြန်ထားပေမဲ့ ဖားစည်သံ သတင်းဌာနအနေနဲ့ အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
အလယ်စခန်းအနီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပေမဲ့ အနီးအနားကျေးရွာကဒေသခံတွေမှာ ထွက်ပြေး တိမ်းရှောင်တာမျိုးမရှိပဲ ရွာထဲမှာသာ ဆက်လက်နေထိုင်နေကြတယ်လို့ ရွာသားတွေနဲ့နီးစပ်သူ ရေးမြို့ခံ အမျိုးသားတစ်ဦးကပြောပါတယ်။
“မလွှဲတောင် ဟိုဘက်ဆိုတော့ရေးနဲ့ မိုင် ၂၀ ဝန်းကျင်ထင်တာပဲ အာဘက်ရွာသားတွေ ခြံဘက်မသွားရဲကြဘူး ရွာမှာပဲနေကြတယ်တဲ့ ရွာသူရွာသားတွေက အသံမထွက်ရဲကြဘူး” လို့ သူကပြောပါတယ်။
ရေးမြို့နယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကလဲ “အဲ့ဒီနေရာကလေ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ရဲ့ အစပ်မှာရှိတယ် အဲ့ဒီနေရာက တနင်္သာရီတိုင်းရယ် မွန်ပြည်နယ်ရယ် အဲ့ဒီကြားထဲမှာရှိနေတယ် အဲ့ဒီအလယ်စခန်းက အဲ့လောက်ပဲသိတယ် အဲ့ဒီဘက်တစ်ခါမှမရောက်ဖူးဘူး အဲ့ဒီဘက်က နယ်မြေ နည်းနည်းကြမ်းတယ် အရင်ကတည်းက” လို့ သူကပြောပါတယ်။
ဒါ့အပြင်အခုလက်ရှိအချိန်မှာလည်း အလယ်စခန်းအနီးတဝိုက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေနေ ဆက်လက်တင်းမာနေဆဲဖြစ်တယ်လို့ ရေးပြောက်ကျား တပ်ဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးက-စောခေတ်သစ်ကဆိုပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာလည်းစစ်ကောင်စီတပ်ဘက်မှ ကုန်းမြင့်နေရာတွေမှာ လက်နက်ကြီး အထိုင်ချထားတာတွေ၊ စစ်အင်အားဖြည့်တင်းတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ နယ်မြေခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ပြောပြချက်အရသိရပါတယ်။
နှစ်ကရင်ကျေးရွာအတွင်း နယ်မြေအခြေနေအရ ခေတ္တရှောင်ရှားတာတွေရှိပေမဲ့လည်း ခလယ် စခန်းအနီးရှိ ကျေးရွာတွေက မနေထိုင်ရဲ့သူဒေသခံတချို့ကတော့ သံဖြူဇရပ်မြို့နယ်နဲ့ မော်လမြိုင်မြို့ တွေမှာ ပြောင်းရွှေ့နေထိုင်တာတွေရှိနေတယ်လို့ ကြားသိရပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)