ဇူလိုင်လ၂၇ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့က လူမှုကူညီရေးအသင်းတွေအနေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လုပ်ငန်းစဉ်တွေကို အားပေးကူညီတာလုပ်ဆောင်ရင် စစ်ရေးအရ အပြင်းအထန်အရေးယူမယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိတ် ပကဖ) ရဲ့ သတိပေးထုတ်ပြန်ချက်အရ သိရပါတယ်။
မြိတ်မြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းစဉ်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အသင်း ၅ ခုဟာ လူနာတင်ယာဉ်တွေကို အသုံးပြုပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတွေကို သယ်ဆောင်ပေးတာ၊ ရိက္ခာတွေသယ်ဆောင်ပေးတာမျိုးတွေ လုပ်ဆောင်နေတယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကဆိုပါတယ်။
“လုပ်နေတာတော့ကြာပြီပေါ့ဗျာ။ ကျနော်တို့အနေနဲ့ အခုမှစာထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေသယ်ဆောင်ပေးနေတယ်လို့ သတင်းရရှိထားသလို ကျနော်တို့လက်ဝယ် မိတာတွေလည်းရှိတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့အပတ်လောက်ကလည်း ပုလောမြို့နယ်ဘက်ကို လူနာတင်ယာဉ်တွေနဲ့ လက်နက်ခဲယမ်းတွေကို သယ်ယူပို့ဆောင်တာ၊ တနင်္သာရီမြို့နယ် မောတောင်လမ်းပိုင်းက တိုက်ပွဲဖြစ်စဉ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့အတူ အရေးပေါ်လူနာတင်ယာဉ်တွေ ပူးပေါင်းပါဝင်တာတွေ လုပ်ဆောင်နေကြ တယ်လို့ မြိတ်ပြည်သူ့ကာကယ်ရေးတာဝန်ခံက အခုလိုပြောပါတယ်။
“ပြီးခဲ့တဲ့အပတ်လောက်က ပုလောဘက်ကို လက်နက်ခဲယမ်းတွေသယ်ဆောင်ပေးတယ်၊ တနင်္သာရီတိုက်ပွဲတွေမှာလည်း လူနာတင်ယာဉ်တွေနဲ့ ဒဏ်ရာရစစ်သားတွေကို သယ်တယ်။ ပြည်သူကို ကူညီပေးနေတဲ့ အဲ့ဒီအသင်းအဖွဲ့တွေက ပြည်သူကိုသတ်ဖို့ စစ်တပ်ရဲ့လက်နက်ခဲယမ်းတွေကို သယ်ပေးနေတာ” လို့သူကဆက်ပြောပါတယ်။
မြိတ်မြို့နယ်အတွင်းက ရွှေရောင်နေ့သစ်၊ ပီတိကုသိုလ်၊ ချမ်းမြေ့၊ ဂရုဏာ၊ ချစ်ကြည်ရေး စတဲ့လူမှုကူညီရေးအဖွဲ့တွေက စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေတယ်လို့ မြိတ် (ပကဖ) ရဲ့တာဝန်ခံ ပြောပြချက်အရသိရပါတယ်။
သတိပေးခံရတဲ့ ပရိဟိတအဖွဲ့အစည်းအနေနဲ့ အခုလိုမျိုးသတိပေးခံရတဲ့အတွက်များစွာ စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိတို့အနေနဲ့ ပရဟိတလုပ်ငန်းတွေကိုပဲ တစိုက်မတ်မတ်လုပ်ဆောင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာတွေ မရှိဘူးလို့ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ တခုရဲ့ တာဝန်ရှိသူကဆိုပါတယ်။
“ကျနော်တို့က စစ်တပ်တွေရဲ့ လက်နက်သယ်ပေးတာတွေမျိုးတော့တခါမှမရှိခဲ့ဘူး။ ကျနော်တို့ လူနာတွေသွားပို့တဲ့အချိန်ဆို သူတို့လည်းစစ်ဆေးနေတာဘဲလေ။ အခုလိုမျိုးထုတ်ပြန်တဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်။ကျနော်တို့ကအဖြူရောင်ပရဟိတအဖွဲ့ဖြစ်တဲ့အတွက်သူတို့စစ်ဆေးစရာရှိတာ စစ်ဆေးခွင့်ရှိပါတယ်” လို့သူက ပြောပါတယ်။
အခုလို ထုတ်ပြန်ခံရတဲ့နောက်ပိုင်း ပြည်သူတွေက ပရဟိတအဖွဲ့အစည်းတွေကို မယုံကြည်တော့မှာကို အပြင်းအထန်စိုးရိမ်စိတ်ဖြစ်ကြောင်း အသင်းတာဝန်ခံက ပြောပါတယ်။
“ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်း ပြည်သူတွေက လမ်းမှာတွေ့ရင်တော့ အသင်းနာမည်လည်း ပါတယ်ဆိုတော့ အကြည့်တွေကမယုံကြည်တဲ့ အကြည့်တွေနဲ့ ကြည့်လာကြတယ်” လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေကို စစ်ကောင်စီတပ်တွေက ခြိမ်းခြောက်ပြီး အတင်းကြပ် စေခိုင်းတာမျိုးတွေ လုပ်ဆောင်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာတွေကို မခံရဖို့အတွက် လူနာတင်ယာဉ်တွေကို အသုံးပြုလာတွေရှိတယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – မြိတ်လူမှုကူညီရေးအသင်း
Phar Si Than (People’s Radio Myanmar)