ဇူလိုင်လ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းမှာ တိုက်ပွဲအရှိန်မြင့်လာတာကြောင့် လောင်းလုံမြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲက နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် အရေးအပေါ်ရိက္ခာအလှူကမ်ပိန်းတစ်ခုကို ထားဝယ်ရှိ အဖွဲ့ ၅ ခုပေါင်းပြီး ပြုလုပ်နေတယ်လို့ GiHman Humanitarian Aid Initiative Committee-Tanintharyi ရဲ့ ကော်မတီဝင် ကိုဖြိုးဝေဦးက ဆိုပါတယ်။
အရေးပေါ်စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေအတွက် လက်ရှိမှာ ဆန်အိတ် ၁၀၀ (မြန်မာငွေ- ကျပ်သိန်း ၇၀) လိုအပ်နေတာဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ ကမ်ပိန်းဒုတိယမြောက်နေ့မှာတော့ သတ်မှတ်ထားတဲ့ ရာခိုင်နှုန်းရဲ့ ၅၀ ရာခိုင်နှုန်းကို ရရှိနေပြီဖြစ်တယ်လို့ ဂိမှာန်အဖွဲ့ရဲ့ ကော်မတီဝင် ကိုဖြိုးဝေဦးက ပြောပါတယ်။
“ကျနော်တို့ သတ်မှတ်ထားတာက ဆန်အိတ် ၁၀၀ ပေါ့နော်၊ မြန်မာငွေနဲ့ဆိုရင်တော့ သိန်း ၇၀ ပေါ့နော်။ အခုလက်ရှိတော့ ကမ်ပိန်းရဲ့ ၅၀ ရာခိုင်နှုန်းလောက်တောရနေပြီ” လို့ သူကပြောပါတယ်။
အဲ့ဒီကမ်ပိန်းဟာ ဇူလိုင်လ ၂၄ ရက်နေ့က စတင်တာဖြစ်ပြီး အရေးပေါ်အကူအညီဖြစ်တာကြောင့် ဇူလိုင်လ ၂၇ ရက်နေ့အထိပဲ ပြုလုပ်မယ်လို့ ကိုဖြိုးဝေဦးကဆိုပါတယ်။
အဆိုပါကမ်ပိန်းမှာ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ လောင်းလုံမြို့နယ် နိုင်ငံရေးဦးဆောင်အဖွဲ့၊ ဂိမှာန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကော်မတီ၊ တပ်ပေါင်းစုသပိတ် ကော်မတီနဲ့ ထားဝယ်လူငယ်တွေရဲ့တော်လှန်ရေးသပိတ်ကော်မတီ တို့ပူးပေါင်းလုပ်ဆောင်တာ ဖြစ်ပါတယ်။
စစ်ရေးအရှိန်မြင့်လာတဲ့ လောင်းလုံနဲ့ ရေဖြူမြို့နယ်တွေမှာ စစ်ဘေးရှောင်ဦးရေ ၁၀၀၀ ကျော်ရှိပြီး အခုသတ်မှတ်ထားတဲ့ ကမ်ပိန်းရဲ့ ရာခိုင်နှုန်းအရ စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်ပတ်စာရိက္ခာ လုံလောက်နိုင်တယ်လို့ GiHman Humanitarian Aid Initiative Committee-Thanintharyi ရဲ့ ကော်မတီဝင် ကိုဖြိုးဝေဦးက အခုလိုပြောပါတယ်။
“ကျနော်တို့ရတဲ့ အချက်အလက်တွေအရ မြို့နယ် ၂ ခုပေါင်း စစ်ရှောင် ၁၀၀၀ လောက်ရှိတယ်။ စစ်ရှောင်တွေက တစ်နေရာတည်းမှာစုပြီးနေတာမဟုတ်ဘဲ ဖြန့်နေကြတယ်။ ကျနော်တို့ အခုလုပ်တဲ့ ကမ်ပိန်းကနေ လိုအပ်နေတဲ့ စစ်ရှောင်တွေအတွက် ၇ ရက်လောက်တော့ ဖူလုံမယ်လို့ ခန့်မှန်းတယ်” လို့သူကဆက်ပြောပါတယ်။
မိုးတွင်းကာလဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေက စာရေးသောက်ရေးအခြေအနေ ပိုမိုခက်ခဲတာ၊ နေရာထိုင်ခင်းအဆင်မပြေတာတွေအပြင် နေမကောင်းဖြစ်တဲ့သူတွေလည်း များနေတယ်လို့ စစ်ရှောင်နေတဲ့သူတစ်ဦးကပြောပါတယ်။
“ထားဝယ်မိုးက ဒီအချိန်ဆိုအရမ်းရွာတာလေ။ မိုးရာသီဆိုတော့ စီးပွားရေးလည်းခက်ခဲတဲ့ကြားထဲ စစ်တပ်ကအဲ့လိုတွေပါလုပ်နေတော့ စားသောက်ဖို့တောင်အနိုင်နိုင်ပဲ” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ပထမအပတ်လောက်ကတည်းက လောင်းလုံမြို့နယ်နဲ့ ရေဖြူမြို့နယ်ထဲကို ရေလမ်းရော၊ ကုန်းလမ်းကပါ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေကြောင့် ပြည်သူတွေက နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ခမောင်းတောင်ရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က တောင်မင်းပြောင်ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး နေအိမ် ၃ လုံးကို မီးရှို့ပြီး နေအိမ် ၅၀ ကျော် ကိုလည်း မွှေနောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေရဲ့ သတင်းအရင်းအမြစ်တွေအရသိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – GiHman Humanitarian Aid Initiative Committee-Tanintharyi
Phar Si Than (People’s Radio Myanmar)