“ဘယ်သူကမှမပေးတဲ့တာဝန်တွေကိုထမ်းနေတဲ့ လူငယ်တယောက်ရဲ့တော်လှန်ရေးခံယူချက်”
အာဏာမသိမ်းခင်က ဘဝဖြတ်သန်းမှုဆိုရင်တော့ လူငယ်ဘဝကသိတဲ့အတိုင်းပဲ ဘာအပူအပင်မှမရှိပဲ မိဘအိမ်မှာနေပြီး ပျော်ပါးတာပေါ့။ ဘားတွေ သွားလိုက် သူငယ်ချင်းတွေနဲ့ ပျော်ပါးလိုက်ပဲ လွတ်လပ်မှုကို အပြည့်အဝခံစားပြီး နေနေတဲ့အချိန်။ အဲ့အချိန်မှာ စစ်တပ်က ၂၀၂၁ ၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ အာဏာသိမ်းလိုက်တော့ ကျွန်တော်တို့လူငယ်တွေရဲ့ ဘဝ နိဂုံးစချုပ်တော့တာပဲ။
အာဏာသိမ်းပြီးတော့ ကျွန်တော်တို့မှတ်မှတ်ရရ ဖေဖော်ဝါရီ (၆) ရက်နေ့ မအိသဉ္ဇာမောင်တို့ သပိတ်စစ်ကြောင်းနဲ့အတူ ကျွန်တော်ဆန္ဒထွက်ပြခဲ့တယ်။ နောက်ပီးတော့ သပိတ်တွေ အင်အား တောင့်အောင် ကိုယ့်ရပ်ကွက်ကနေ တခြားရပ်ကွက်တွေမှာ သပိတ်အင်အားတွေဖြည့်ပေးတယ်။ အမြို့မြို့အနယ်နယ်ကို သပိတ်တွေဦးဆောင်ပေးတဲ့အခါမှာလည်း ကျွန်တော် တစ်တက်တစ်အား ပါဝင်ဖြစ်ခဲ့တယ်။
အကြမ်းဖက်စစ်တပ်ကို ကျွန်တော်တို့ သပိတ်စစ်ကြောင်းတွေချီပြီးတော့ “ပြည်သူ့အာဏာပြည်သူ့ပြန်ပေး” ဆိုပြီး လမ်းပေါ်ထွက်အော်နေရုံနဲ့ စစ်တပ်က အရပ်သားအစိုးရ လက်ထဲကို အလွယ်တကူအာဏာပြန်ပေးမှာမဟုတ်ဘူးလေ။ အဲ့ဒီအချိန်တုန်းက လက်နက်ကိုင်ထားတဲ့ သူကို လက်နက်နဲ့ပြန်တိုက်ဖို့လည်း ကျွန်တော်တို့မှာ ဘာမှရှိမနေခဲ့ဘူး။ ဘာပညာမှမရှိပဲ မတတ်တစ်ခေါက် သိတာတတ်တာလေးနဲ့ UG ဘဝကို ဖြတ်သန်းခဲ့တယ်။
ဘာမှတောင်သိပ်မကြာလိုက်ပါဘူး အာဏာသိမ်းပြီး တစ်လကျော်ကျော်လောက်ပဲရှိဦးမယ် စကစ ဖမ်းဆီးမယ့် စာရင်းမှာနာမည်ပါလာခဲ့တယ်။ ကျွန်တော်မှတ်မိတာကတော့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလကုန်ခါနီးလောက်မှာ ၅၀၅(က) နဲ့ ဝရမ်းထုတ်ခံရတယ်။ အဲ့ဒီနောက် လက်ရှိနေရာမှာ ဆက်နေလို့မရတဲ့ အခြေအနေတွေရယ်နဲ့ ခေါ်ထားမယ့်သူမရှိတာတွေကြောင့် ကျွန်တော် လက်နက်ကိုင်နယ်မြေမှာ သင်တန်းတက်ဖို့ ခြေလှမ်းစခဲ့တယ်။
ကျွန်တော် တောထဲမှာ သင်တန်းတက်ပြီး ရက် (၂၀) လောက်ကြာသွားတယ်။ သင်တန်းတက်ဖို့ တောထဲကို ရောက်လာတော့မှဗျာ …. အမေ့ကိုလွမ်းတယ် … အိမ်ကိုလွမ်းတယ် …… အမေ့အိမ်မှာ နေရသလို ပြီးပြည့်စုံတယ်ဆို တာမရှိတော့ ဖြစ်သလိုနေ ဖြစ်သလိုစားရင်း အသက်ဆက်ခဲ့ရတယ်။
အိမ်ကိုသတိရတဲ့စိတ်တွေ၊ မိဘတွေနဲ့လည်း အဆက်အသွယ်မရတာကြာပြီဆိုတော့ အိမ်ကို ဖုန်းဆက်ချင်တယ်။ တောထဲမှာက သိတဲ့အတိုင်းပဲလေ ဖုန်းလိုင်းမှမမိတာ။ ကျွန်တော်တောထဲကနေ လိုင်းမိတဲ့နေရာ ရောက်ဖို့အတွက် မြို့ပေါ်ကိုတက်ရတယ်။ မြို့ပေါ်လည်းရောက်ပြီ ဖုန်းလိုင်းလည်း မိပြီဆိုတော့ အိမ်ကိုဖုန်းဆက်ရမယ်လေ။ ကျွန်တော်နဲ့ အိမ်နဲ့ အဆက်သွယ်ပျက်ခဲ့တာ တစ်လတောင်ကျော်ခဲ့ပြီး။ ကျွန်တော်ဝမ်းသာအားရနဲ့ ဖုန်းဆက်ခဲ့ပေမယ့် ကြားရတဲ့အသံက အမေ့အသံ မဟုတ်ခဲ့ဘူး…. ကြားရတဲ့သတင်းကလည်း ဝမ်းသာစရာသတင်းတခု မဟုတ်ခဲ့ဘူး။
ကျွန်တော်ကြားလိုက်ရတာက “ကျွန်တော့ကိုမရလို့ ကျွန်တော့်မိဘတွေကို စကစတွေ ခေါ်သွားကြတာတဲ့လေ။ သူတို့ပြန်တော့ပေးရှာပါတယ် …… အသက်မဲ့နေတဲ့ ကျွန်တော့မိဘတွေရဲ့ ခန္ဓာကိုယ်ကို” …. ကျွန်တော့်ကမ္ဘာကြီး ခေတ္တခဏ တိတ်ဆိတ်သွားခဲ့တယ်။
“လူပဲလေနော်…မွေးဖွားပြီးရင် သေဆုံးကြရတာ သဘာဝပဲမဟုတ်လား” ဒါတွေကို ကျွန်တော်တို့ လိုက်ခံစားနေရင် သွားရမယ့် ခရီးနှောင့်နှေးတာပဲရှိမယ်။ အဲ့ဒီတော့ ကျွန်တော့မိဘတွေအတွက်၊ ကျဆုံးသွားတဲ့ သူငယ်ချင်းတွေအတွက်၊ နောက်ပြီးတော့ “တော်လှန်ရေးမှာကျွန်တော် လိပ်ပြာလုံချင်တယ်” ဒါတွေကြောင့် လက်နက်ကိုင်လမ်းစဥ် ကိုရွေးချယ်ဖြစ်ခဲ့တယ်။
ကျွန်တော်တို့ တောထဲစရောက်တဲ့အချိန်မှာ ညဘက်မီးတောင်မရှိခဲ့ဘူး။ ရှိတာလေးနဲ့ ဖြစ်သလိုလေး နေရတယ်၊ စားရတယ်။ နောက်ပြီးတော့ ကျွန်တော်က ဘာသာခြားတယောက်ဖြစ်တဲ့အတွက် အစားအသောက် ရှောင်ရတာတွေလည်းရှိတော့ “ငတ်တလှည့် စားတလှည့်”နဲ့ပဲ ဖြတ်သန်းခဲ့ရတယ်။ အစပိုင်းတုန်းကတော့ ဘာသာခြားဖြစ်တော့ အနှိမ်ခံရတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေရှိတယ်။ နောက်ပိုင်း ကျွန်တော်သောင်းကျန်းတော့မှ ကျွန်တော့အပေါ်သိပ်ပြီးမခွဲခြားတော့တာ….
တောထဲတောင်ထဲမှာ အစားအသောက်အခက်အခဲတွေအပြင် ရာသီဥတုဒဏ်ကိုလဲ ကြံ့ကြံ့ခံခဲ့ရတယ်။ တော်လှန်ရေးမှာက အခက်အခဲကတစ်မျိုးထဲမဟုတ်တော့ ကြုံလာသမျှကို အံတုပြီး ရင်ဆိုင်ရတာ ပေါ့ဗျာ။ ကျွန်တော်တို့ တော်လှန်ရေးကြီးကသာ နှစ်နှစ်ကျော်လာတာ အခုချိန်ထိ ပြီးပြည့်စုံ သွားတယ်ဆိုတာမရှိသေးဘူး။
တော်လှန်ရေးနဲ့ပက်သက်လာရင် အခုချိန်ထိ လိုအပ်မြဲလိုအပ်နေဆဲပါပဲ။ သေနတ်ကအစ ခြေစွပ်ထိအဆုံးပေါ့။ နောက်ပြီးတော့ လူကြီးပိုင်းတွေကအစ လက်အောက်ငယ်သားတွေအပေါ် ဆုံးမတာကအစ လိုအပ်ချက်တွေရှိနေတယ်။ နောက်တခု အရေးကြီးဆုံးလိုအပ်တာကတော့ “အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မှာ ကိုယ်ကိုတိုင် အာဏာရှင်မဖြစ်သွားဖို့က အဓိကလိုအပ်တယ်”။
ကျွန်တော့်အနေနဲ့ လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ခဲ့ပြီးပြီဆိုတော့ အဆုံးထိ ဒီလှေကို အားသွန်ခွန်စိုက်နဲ့ လှော်ရတော့မှာ။ ကျွန်တော်လည်းလူငယ်တယောက်ပဲလေ သူများတွေလို ရန်ကုန်မှာ “ပျော်ပျော်ရွှင်ရွှင်နဲ့ ရေပေါ်ဆီလုပ်လို့ရတယ်” ဒါပေမယ့် ကျွန်တော်မလုပ်ဘူး။ တောထဲတောင်ထဲမှာ ဒုက္ခပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်ရင်း အာဏာရှင်ကိုတွန်းလှန်နေတယ်။
အာဏာရူးစစ်အုပ်စုကြောင့် ကျွန်တော်တို့ရဲ့ “ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေ” ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုကတော့ “ကျွန့်တော့်မိဘတွေနဲ့ သူငယ်ချင်းတွေ”။ ကျွန်တော့လိုပဲ ဆုံးရှုံးရတဲ့သူတွေ မရေမတွက်နိုင်အောင် အများကြီးရှိတယ်။ အဲ့တော့အသက်ရှင် ကျန်နေတဲ့ ကျွန်တော့်ပခုံးပေါ်မှာ ဘယ်သူကမှပေးမထားတဲ့ တာဝန်တွေကို ကျွန်တော်ထမ်းနေတယ်။
ကျွန်တော်ဘက်မလိုက်ပဲ တည့်တည့်ပြောရရင် အခုချိန်မှာ ပြည်သူ့အစိုးရတစ်ရပ်လို့သတ်မှတ်ထားတဲ့ “NUG” ဆိုတာကလည်း “နာမည်ခံတခုကလွဲပြီး ကျန်တာထင်သလောက်အလုပ်မဖြစ်ဘူး။ ရန်သူက ရန်သူပီသစွာ အင်တိုက်အားတိုက်ထိုးစစ်ဆင်နေပေမယ့်” သူတိုကအေးရာအေးကြောင်းနဲ့နေနေတယ်လို့ ကျွန်တော်မြင်တယ်။
ကျွန်တော့မှာ “ပုဂ္ဂိုလ်စွဲမရှိဘူး ရှင်းတယ်….အာဏာရှင်ကိုမကြိုက်လို့တော်လှန်နေတာ” အဲ့တော့ NUG ရဲ့ လုပ်ပုံကိုမကြိုက်လို့ “ ဘေ*** ပဲလို့ ဆဲချင်ပါတယ်” ကျွန်တော်တို့ မြေပြင်မှာရင်းနေရတဲ့ အသက်တွေများနေပေမယ့် သူတို့ကခုချိန်ထိ ဘာမှတခုမှအကောင်အထည်ပေါ်အောင်မလုပ်ပဲ အေးရာအေးကြောင်းနဲ့ ဇိမ်ခံနေတယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။
တော်လှန်ရေးကာလ နှစ်နှစ်ကျော်သွားတဲ့ အချိန်တစ်လျှောက်လုံးကို ပြန်ကြည့်ရင် ရန်သူက ရန်သူ ပီသစွာ ရက်စက်ပြပြီး အပြစ်မဲ့တဲ့လူတွေကို သတ်ပြနေတဲ့အတွက် ကျွန်တော်တို့ကလည်း ရေကုန်ရေခမ်း တိုက်ပွဲဝင်သွား ဦးမှာပဲ။
ကျွန်တော့အနေနဲ့ တိုင်းတပါးကိုသွားဖို့ကတော့ လုံးဝအစီစဥ်မရှိပါဘူး ။ ကျွန်တော် တောထဲရောက်နေတဲ့ နှစ်နှစ်ကျော် ကာလမှာလဲ သွားဖို့တောင်စဥ်းစားမိတဲ့အတွေး လုံးဝမရှိခဲ့ဘူး။ ကျွန်တော်တို့ရဲ့ “နံရိုးနဲ့ ဒီနိုင်ငံကို ခြံခတ်ရင်ခတ်ရပါစေ” ကျွန်တော်ကတော့ အဆုံးထိကို ဆက်သွားနေဦးမှာပဲ။
ကျွန်တော်တို့ဆန္ဒပြတုန်းက “၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့လို့အော်ခဲ့သေးတာပဲ။ G Alpha လေးတွေကို ၂၁ ကစောက်ချိုးတွေ သူတို့နှစ်မှာလာမချိုးနဲ့” လို့ မအော်စေရအောင် ကျွန်တော်ကတော့ အာဏာရှင်ကိုအဆုံးထိ တော်လှန်ဖို့ကြိုးစားနေဦးမှာပါ။
ဒီတော်လှန်ရေးကြီး အောင်ပွဲတွေရသွားရင်တော့ ကျွန်တော်ဘယ်အဖွဲ့အစည်းနဲ့မှ မပက်သက်ပဲ ကိုယ့်ဟာကိုယ် ပြင်ဦးလွင်မှာဖြစ်ဖြစ်၊ ကလောမှာဖြစ်ဖြစ်ပေါ့ အခြေစိုက်မယ် အလုပ်တွေအများကြီး ကြိုးစားပြီးတော့ပိုက်ဆံတွေရှာမယ်။ ကိုယ့်ဘဝကိုတကယ်နားလည်ပေးပါတယ်ဆိုတဲ့ အမျိုးသမီး တယောက်နဲ့ အတူတူအကြာကြီး အသက်ဆုံးသည့်တိုင် ဘာပူပင်သောကမှမရှိပဲ နေသွားချင်တယ်။