ဇူလိုင်လ ၂၅ ရက်၊ ၂၀၂၃ ခုနစ်
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သူ မူးယစ်ဆန့်ကျင်ရေး အမှုခင်း အထူးသတင်းထောက်တစ်ဦးအပါအဝင် ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူတွေထံမှ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဇူလိုင်လ ၂၁ ရက်နေ့၊ ည ၉ နာရီခွဲလောက်မှာ ဒေသခံတွေရဲ့ သတင်းပေးချက်အရ လောင်းလုံမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စု၊ ထိန်ကြီးရွာသား တစ်ဦးနဲ့ ဂေါ့အင်းရွာသား နှစ်ဦးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆိုပါတယ်။
“နေအိမ်မှာ ဝင်ဖမ်းဆီးခဲ့တာပါ ရွာသားတွေက သတင်းပေးမှုကြောင့်လည်း ပါပါတယ်။ ကျွန်တော်တို့ လောင်းလုံမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု လုံးဝ မပြုလုပ်ရန် ကြိမ်ဖန်များစွာ သတိပေးထားခဲ့ပြီးလည်း ဖြစ်ပါတယ်” လို့ သူကပြောပါတယ်။
အဖမ်းခံရသူတွေမှာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသား ၃ ဦး ဖြစ်ပြီး အဖမ်းခံရသူ ၃ ဦး အနက် တစ်ဦးမှာ မူးယစ်ဆန့်ကျင်ရေး၊ သတင်းစုံစမ်းဖော်ပြရေး၊ ထောက်လှမ်းရေး အမှုခင်းသတင်းထောက် တစ်ဦး ပါဝင်တယ်လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လောင်းလုံမြို့နယ်ဒေသခံတစ်ဦးက “အရင်ကတည်း ဒီလူကနာမည်ကြီးနေတာ။ သူကမူးယစ် သတင်းထောက်လို့ပြောပြီး ဆေးလည်းရောင်းတယ်။ သူကပိုဆိုးတာ” လို့ သူကအခုလိုပြောပါတယ်။
အဆိူပါဖမ်းဆီးမှုမှာ ပစ်စတို ၁ လက်၊ ပွိုင့် ၂၂ သေနတ်အရှည် ၁ လက်၊ ဓားရှည် ၃ ချောင်း၊ ဓားမြှောင် ၄ ချောင်း၊ လက်ရိုက်ဒုတ် ၁ ချောင်း၊ WYဆေးပြား ၃၇၅ ပြား၊ ငွေကျပ် ၂၈၇,၂၀၀ ကျပ်နဲ့ မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်ဆီးခံရသူတွေကို ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြင်းပြင်းထန်ထန်သတိပေးကာ ပြန်လွှတ်ပေးလိုက်ပြီး တရားခံတွေကိုတော့ နယ်မြေအခြေအနေအရ အချုပ်ထောင်တွေလုပ်ခွင့်မသာလို့ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ LLPDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးက အခုလိုပြောပါတယ်။
“ကျွန်တော်တို့ အပြစ်ပေးထားပြီး နောက်မလုပ်တော့ပါကြောင်း ခံဝန်ကတိယူ လက်မှတ်ထိုးခိုင်း ခဲ့ပါတယ်။ လောင်းလုံးက ပထဝီအနေအထားအရ အရမ်းခက်ခဲတယ်။ ရေပတ်လည်ဝိုင်းထားတဲ့ နေရပ်တစ်ခုဖြစ်တာမို့ လွတ်မြောက်နယ်မြေတွေမှာလို့ အချုပ်တွေ လုပ်ခွင့်မသာတဲ့အတွက် ခက်ခဲမှုတွေရှိလို့ ပြစ်ဒဏ်ပေးစနစ်နဲ့ပဲ သွားနေရတယ်ဗျာ” လို့သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံမှာ မှုခင်းသတင်းထောက်တွေက မူးယစ်ဆေးဝါးရောင်းဝယ်တာ၊ လောင်းကစားပြုလုပ်တာ၊ အမှုခင်းတွေမှာ ဝင်ရောက်စွက်ဖက် ငွေကြေးတောင်းတာ တွေလုပ်ဆောင်ကြတယ်လို့ NLD အစိုးရလက်ထက် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ကြော်ငြာခဲ့ဖူးပါတယ်။
သိမ်းဆည်းရမိတဲ့ ငွေသားတွေကို စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပြီး လောင်းလုံမြိုနယ်မှာ ၂၀၂၂ခုနစ်ကနေ ၂၀၂၃ခုနစ် ဇူလိုင်လအထိ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို ဖမ်းဆီးအရေးယူတာတွေကို အရှိန်မြင့်ဆက်တိုက်လုပ်ဆောင်လာခဲ့ပါတယ်။
သတင်း – နော်အယ်နီး
ပုံ – LLPDF
Phar Si Than (People’s Radio Myanmar)