ဇူလိုင် ၂၄ ရက်၊ ၂၀၂၃
ဟုမ္မလင်းမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့ညနေပိုင်း SNA အဖွဲ့က လက်နက်ပြခြိမ်းခြောက်ဖမ်းဆီးခဲ့တဲ့ နာဂအမျိုးသား ဦးစီရေးကို သူ့မိသားစုဝင်များက ငွေကျပ် သိန်း ၅၀၀ နဲ့ ရွေးထုတ်ခဲ့ရတယ်လို့ အဲဒီဖြစ်စဉ်ကို အနီးစပ်ဆုံးသိတဲ့ အမည်မဖော်လိုသူ တစ်ဦးကအခုလို ပြောပါတယ်။
“မရှိ ရှိတာ အကုန်ရောင်းထုတ်ပေါင်နှံပြီး သိန်း ၅၀၀ နဲ့ ရွေးထုတ်ခဲ့ကြတာ။ ပြန်လွတ်လာပြီးတော့ နောက်ပိုင်း သူ့မိသားစုကိုတော့ ဘာမှတော့ ပြန်မလုပ်ဘူး။ အခုထိပေါ့၊ နောက်တော့မပြောတတ်ဘူး” လို့ ပြောပါတယ်။
ဦးစီရေး ဖမ်းဆီးခံရပြီး နောက်ပိုင်းမှာလည်း ဟုမ္မလင်းမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးနားတဝိုက်ကနေ စောင့်နေတဲ့ SNA အဖွဲ့ဝင်တွေက မြို့ထဲက ပြန်လာတဲ့ နာဂလူမျိုး လူငယ် ၂ ဦးကိုဆိုင်ကယ် ရပ်ဖို့ တားခဲ့ပြီး နာဂရပ်ကွက်ထဲအထိ သေနတ်ပစ်ဖောက်ခဲ့တာတွေ ရှိခဲ့တယ် လို့ ဟုမ္မလင်း ဒေသခံ နာဂ တစ်ဦးက အခုလိုပြောပါတယ်။
“ဗိုလ်ချုပ်ကြေးရုပ်နားက စောင့်ပြီး ဆိုင်ကယ်ရပ်ဖို့ လှမ်းတားတာ။ ဟို ၂ ယောက်ကလည်း သူတို့မှန်း ရိပ်မိလို့ ဆိုင်ကယ်မရပ်ပေးပဲ မောင်းပြေးတာ။ ဒါကို နောက်ကနေ ဆိုင်ကယ်နဲ့ လိုက်ပြီး သေနတ်တွေပါ ဖောက်တာ။ သူတို့လိုက်တဲ့ ဟို ၂ ယောက်ကို မမှီတော့ ရပ်ကွက်ထဲ သေနတ် ၂ ချက်လာဖောက်ပြီး ပြန်ခေါက်သွားတယ်” လို့ ဆို ပြောပါတယ်။
ရှမ်းနီနဲ့ နာဂလူမျိုးများကြား ယခင်ကလည်း လူမျိုးရေးဆန်တဲ့ စွပ်စွဲပြောဆိုချက်တွေနဲ့ နယ်မြေအငြင်းပွါးစရာတွေ ရှိခဲ့ဖူးပြီး အာဏာသိမ်းပြီးနောက် စကစနဲ့ မိတ်ဖက်အဖွဲ့ဝင်ဖြစ်လာတဲ့ ရှမ်းနီလွတ်မြောက်ရေးအဖွဲ့ဟာ နာဂလူမျိုးစုအပေါ် လက်နက်ပြ ခြိမ်းခြောက်တာတွေ မတရားဖမ်းဆီးမှုနဲ့၊ ဥပဒေမဲ့လုပ်ရပ်တွေကို နာဂလူမျိုးများနေထိုင်တဲ့ ရွာတွေအထိပါ သိသိသာသာကျူးကျော် ဝင်ရောက် လုပ်ဆောင်လာပါတယ်။
#PeoplesRadioMyanmar
#Naga_News