ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ် Kangpokpi ခရိုင်၊ B Phainom ကျေးရွာမှာ ချင်း(ကူကီး) အမျိုးသမီး ၂ ဦးအား ကသည်းလူမျိုး လူအုပ်ကြီးက ဖမ်းဆီးပြီး အဓ္ဓမကျင့် သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ မဏီပူရ်ပြည်နယ်မှာ ဖြစ်ပွါးခဲ့တဲ့ လူမျိုးရေးပဋိပက္ခနဲ့ လူထုအုံကြွမှု စတက်ဖြစ်ပွါးခဲ့တဲ့ မေလ ၄ ရက်နေ့ မှာ ဖြစ်ပွါးခဲ့တာ ဖြစ်ပြီး အဲဒီဖြစ်စဉ် စတင်ခဲ့ပြီး ၇၇ ရက် အကြာမှာ ချင်း (ကူကီး) အမျိုးသမီး ၂ ဦးကို အများမြင်ကွင်းမှာအဝတ်ဗလာ ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခု အွန်လိုင်းပေါ်ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းဟာ အိန္ဒိယနိုင်ငံတွင်းမီဒီယာများသာမက အရပ်ဖက် အဖွဲ့အစည်းများကပါ တခဲနက် ရှုံ့ချပြောဆိုမှုတွေ ရှိနေပါတယ်။
မီဇိုတက္ကသိုလ်သမဂ္ဂရုံးချုပ်မှာ ဇူလိုင် ၂၀ ရက်နေ့ကကျင်းပခဲ့တဲ့ ဘွဲ့ရမောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ သမဂ္ဂရဲ့ဥက္ကဌ Pu Samuel ZoramThangPuia က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ယောကျ်ားအချင်းချင်း ရန်ဖြစ်တာ၊ ခိုက်ရန်ဖြစ်ပွားတာ နားလည်လို့ရတယ်။ အခုက အားနွဲ့တဲ့အမျိုးသမီးပေါ်မှာ အခုလိုအရှက်ခွဲပြီး အုပ်စုလိုက် မုဒိမ်းကျင့်သတ်ဖြတ်တာ အရမ်းစိတ်နာတယ်။ ဒါကြောင့် မီဇိုရမ်ပြည်နယ်မှာရှိတဲ့ ကသည်းလူမျိုးတွေအားလုံး ကိုယ့်လုံခြုံရေးအတွက် ကိုယ့်ပြည်နယ်ကို ပြန်သွားကြလို့ မီဇိုလူမျိုးတစ်ယောက်အနေနဲ့ပြောချင်တယ်” လို့ပြောပါတယ်။
အခင်းဖြစ်ပွါးခဲ့တဲ့နေရာကို Kung pogpi ခရိုင် လို့ ဌာနေလူမျိုးစုခေါင်းဆောင်များဖိုရမ် Indigenous Tribal Leaders Forum က အတည်ပြုထားသော်လည်း တိုင်ကြားမှု မှတ်တမ်းအရ အခင်းဖြစ်ပွါးခဲ့တဲ့နေရာဟာ အခြားခရိုင်တစ်ခု ဖြစ်တယ် လို့ ရဲတပ်ဖွဲ့ဖက်က ပြောကြားထားတာ တွေ့ရပါတယ်။
မဏိပူရ ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ချက်တစ်ခုမှာတော့ ဒီ အုပ်စုဖွဲ့ မုဒိမ်းကျင့်သတ်ဖြတ်မှုဟာ အမည်မသိတဲ့ လက်နက်ကိုင် အကြမ်းဖက်များက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ယခု ဖြစ်ရပ်ဟာ ပြည်နယ်မြို့တော် အင်ဖာ (Imphal) ကနေ ၃၅ ကီလိုမီတာအကွာအဝေးမှာရှိတဲ့ ကန်ဘော့ပီခရိုင်တွင်းမှာ မေလ ၄ ရက်က ဖြစ်ပွါးခဲ့ခြင်းဖြစ်ပါတယ်။
#People_Radio_Myanmar
#NagaNews
#Women_Abused
#Two_Kuki_Women