ခမ်းထီရေဒီယို(PRM) အယ်ဒီတာခင်ဗျား
ကျွန်တော်တို့ ဒေသတွင်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ပြည်သူများ သိရှိအောင် စာရေးသားပေးပို့လိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်းကျေးရွာအုပ်စုထဲက ရွာတွေမှာ ဖြစ်နေတာပါ။ ဘယ်လိုဖြစ်သလဲဆိုတော့ PNO ပြည်သူ့စစ်တွေဟာ လက်နက်ကိုင်ပြီး ဘာလက်နက်မှ မရှိတဲ့ အေးရာအေးကြောင်းတောင်ယာလုပ်စားနေတဲ့ ပြည်သူတွေကို အနိုင်ကျင့်ဗိုလ်ကျနေတဲ့ ကိစ္စပဲ။
PNO ပြည်သူ့စစ်လို့ပြောရတာက PNO အဖွဲ့ထဲကိုဝင်ထားတဲ့ ပအိုဝ်းမဟုတ်တဲ့သူတွေပါနေလို့ပါ။ တစ်ချို့ကျေးရွာတွေမှာ PNO အဖွဲ့ထဲဝင်ထားတဲ့သူတွေရှိပါတယ်။ သူတို့ကို ယူနီဖောင်းနဲ့ လက်နက်တပ်ဆင်ပေးထားတယ်။ အဲ့ဒီလက်နက်အားကိုးနဲ့ပဲ မထင်ရင် မထင်သလို ကျေးရွာတွေထဲကိုလိုက်ဝင်ပြီး ကလေးတွေကိုဖမ်းဆီးရိုက်နှက်တာမျိုးတွေလုပ်တယ်။ အကြောင်းက ဖုန်းထဲမှာ နိူင်ငံရေးနဲ့ပတ်သက်တဲ့ ပုံတွေတွေ့လို့တဲ့။ ပြီးတော့ လက်နက်တွေတွေ့လို့ပါဆိုပြီး ဖမ်းခေါ်သွားတာမျိုးလည်းရှိတယ်။ သူတို့ဆီလိုက်သွားပြီးတော့ ညှိနိူင်ပြီး ပိုက်ဆံနဲ့ ပြန်ထုတ်ရတာပေါ့။
သိတဲ့အတိုင်းပဲ…၊ ရှမ်းပြည်တောင်ပိုင်း ဒီဘက် ကလော အောင်ပန်း ရွှေညောင် ညောင်ရွေ တောင်ကြီး ရပ်စောက် ပင်းတယ ဘော်ဆိုင်း ကောင်းဘို့ စတဲ့ နေရာတွေမှာ တောခိုဖို့နေရာမရှိသလို၊ တော်လှန်နေကြတဲ့ pdf တွေလည်းမရှိပါဘူး။ အနည်းအကျဥ်းတော့ တော်လှန်ရေးနယ်မြေတွေမှာသွားပြီး ပါဝင်နေတာမျိုးတော့ရှိမှာပေါ့၊ ဒါပေမဲ့ ဒီ ရပ်စောက်မြို့နယ်ထဲမှာတော့ မရှိသလောက်ပါပဲ။ အမြဲတမ်းလိုလို မင်္ဂလာပွဲ၊ အလှုပွဲတွေ၊ ဘောလုံးပွဲတွေနဲ့ စည်းကားနေတာ။
အဲ့ဒီနေ့က PNO လက်နက်ကိုင်တွေ အယောက် ၂၀ လောက်ရွာထဲကိုဝင်လာတယ်၊ လမ်းမှာတွေ့တဲ့လူတိုင်းကို ဖမ်းစစ်တယ်၊ pdf လို့စွပ်စွဲပြီး ကလေးတွေကို ရိုက်နှက်တယ်၊ လက်နက်တွေ့ပါတယ်ဆိုပြီး ဖမ်းခေါ်သွားတယ်၊ ဘယ်ကလက်နက်ရှိရမှာလဲဗျာ၊ ဒီရပ်စောက်မြို့နယ်အတွင်းက လူငယ်တွေဟာ နိူင်ငံရေးကို စိတ်မဝင်စားကြတာများတယ်ဗျ၊ ရွာတွေမှာ ရှိကြတဲ့လူငယ်တော်တော်များများကလည်း ထိုင်းတို့ မလေးတို့သွားကုန်ကြတာ၊ ရွာတွေမှာ သက်ကြီးပိုင်းနဲ့ လူငယ်အနည်းစုလောက်ပဲ ကျန်ခဲ့တာ၊ တကယ်တမ်း ဒီဘက်က လူငယ်တွေသာ နိူင်ငံရေးစိတ်ဓာတ်ပြင်းထန်ရင် ဟိုး အစ အာဏာစသိမ်းကတည်းက တော်လှန်ရေးလုပ်နေကြမှာပေါ့၊ ဘာမှစိတ်မဝင်စားကြလို့သာ ဒီရှမ်းပြည်တောင်ပိုင်းတစ်ဝှိုက်မှာ ဘာသတင်းမှ မထွက်တာပေါ့ဗျာ၊ ဒါပေမဲ့ ဒီခေတ်ပျက်ကို အခွင့်ကောင်းယူပြီး PNO ပြည်သူ့စစ်တွေက လက်နက်အားကိုးနဲ့ ထင်တိုင်းကြဲအနိူင့်ကျင့်ဗိုလ်ကျနေတာကတော့ အတော်ရုပ်ဆိုးအကျည်းတန်တယ်ဗျ၊ ဒါဟာ အာဏာရှင်စနစ်အောက်က ပြည်တွင်းစစ်ဖြစ်နေတဲ့ ခေတ်ပျက်ကြီးထဲမှာ တွေ့ရလေ့ရှိတတ်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပေါ့ဗျာ။
အဲ့ဒီလိုဖြစ်ရတာက PNO အဖွဲ့က သူတို့ထဲကိုဝင်လာတဲ့ ပအိုဝ့်မဟုတ်တဲ့ သူတွေကို ယူနီဖောင်းနဲ့လက်နက်တွေတပ်ပေးပြီး ဗိုလ်ကျစိုးမိုးခွင့်ပေးထားလို့ ဖြစ်ရတာပါ။ ဒီနားတစ်ဝှိုက်က ကျေးရွာတွေမှာ PNO အဖွဲ့ဝင် ပြည်သူ့စစ်တွေများလာတယ်။ ဒီနယ်တစ်ဝှိုက်မှာ သူတို့ကိုကြောက်နေရတယ်။ အာဏာရှင်လက်ပါးစေတွေပေါ့ဗျာ။
ခမ်းထီ (PRM)