ဇူလိုင် ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
မိုးဗြဲ-လွိုင်ကော်လမ်းမ တလျောက် စစ်ကောင်စီရဲ့ စစ်ကြောင်းများနဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်များ ပဒါးညေးကျေးရွာအနီး ဇူလိုင် ၂၀ ရက်က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံများထံက သိရသလို ကန်းကျိုင်းရွာနဲ့ ဆောင်ကန်း(ရှမ်း)ရွာမှာ ဒီကနေ့ ဇူလိုင် ၂၁ ရက်အထိ ၃ ရက်ဆက် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တထောင်တပ်ခွဲက သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၀ ရက် မနက်ပိုင်းက စတင်ပြီး လွိုင်ကော်အမြောက်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်ကာ ညနေအချိန်မှာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံဦးက ပြောပြပါတယ်။ တိုက်ပွဲအတွင်း အမျိုးသမီး ၁ ဦး၊ သက်လတ်ပိုင်း အမျိုးသားတဦးနဲ့ ၁၆ နှစ်အရွယ်အမျိုးသားတဦးတို့ လက်နက်ကြီး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
“၃ ယောက်ထိသွားတယ်။ ဆေးရုံပို့တဲ့ လမ်းမှာ ၁၆ နှစ်သားတယောက် ဆေးရုံပို့တဲ့လမ်းမှာ ဆုံးသွားတယ်။ ရွာသားတွေက ပြောင်းဖူးပွဲရုံထဲ ပြေး၀င်ပုန်းတာ စကစတွေ့တော့ အဲ့အထဲ၀င်လာပါတယ်။ အဲ့မှာ ရှိတဲ့ပြည်သူတွေ ရှေ့မှာနေခိုင်းပြီး လှမ်းပစ်ပါတယ်။ နှစ်ဖက်ပစ်ခတ်မူကြောင့် ပြည်သူတွေက မှောက်အိပ်နေရတယ်။ ခုတော့ အဲဒီလို လူသားတံတိုင်း အလုပ်ခံရတဲ့သူတွေ ပြန်တော့ လွတ်လာကြပြီ။” လို့ လူသားဒိုင်း အသုံးပြုခံရတဲ့ ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရတဲ့ ပဒါးညေးရွာ ဒေသခံတဦးက Karenni’s Voice ကို ပြောပါတယ်။
လွိုင်ကော်အခြေစိုက် လူမှုကူညီရေးအသင်းတခု ဖြစ်တဲ့ ရွှေလွိုင်ကော်ပရဟိတအသင်းကလည်း လက်နက်ကြီးထိမှန်တာကြောင့် အသက် ၆၈ နှစ်အရွယ် ဒေါ်နန်းဦး ထိခိုက်ဒဏ်ရာရခဲ့သလို အသက် ၁၆ နှစ်အရွယ် ခွန်းတီးငဲ အသက်ဆုံးရှူံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာလည်း တပ်မ ၅၅ အပါအဝင် အင်အား ၁၀၀ ခန့် စစ်ကြောင်းထိုးလာတာကြောင့် ယနေ့အထိ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် ဗိုလ်တထောင်တပ်ခွဲရဲ့ ပြန်ကြားရေးတာဝန်ရှိသူထံက သိရပါတယ်။
“အင်အားက ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မိုးဗြဲမြို့ထဲက တပ်စွဲထားတဲ့ သူတို့တပ်တွေဆီ စစ်ကူလာတဲ့သဘောပါ။ ဒီနေ့နဲ့ဆို တိုက်ပွဲဖြစ်တာ ၃ ရက်ရှိပြီ။ ဒီနေ့ညနေ တိုက်ပွဲမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်တာကြောင့် ကျတော်တို့ ရဲဘော် ၂ ယောက် မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး ကျတော်တို့ ရှေ့ဆက်မတိုးခဲ့ရဘူး။” လို့ ဗိုလ်တထောင် တပ်ခွဲရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြပါတယ်။
ယမန်နေ့က စစ်ကောင်စီက အမျိုးသား ၂ ဦး စီးနင်းလာတဲ့ Light truck တစီးကို ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမျိုးသား ၂ ဦးကတော့ အသက်အန္တရာယ်မစိုးရိမ်ရပေမဲ့ ဒဏ်ရာအချို့နဲ့အတူ ယနေ့မှာ ပြန်လည်လွတ်မြောက်လာပြီး စီးနင်းလာတဲ့ Light truck ကိုတော့ စစ်ကောင်စီက သိမ်းယူထားတယ်လို့ ဗိုလ်တထောင်တပ်ခွဲက ပြောပြပါတယ်။
ယနေ့ (ဇူလိုင် ၂၃ ရက်)မှာ မိုးဗြဲအရှေ့ခြမ်း (–)ရွာအတွင်း ကျေးရွာ ဒေသခံ၂ ဦး လက်နက်ကြီးထိမှန်တာကြောင့် ဒဏ်ရာအသေးစားများ ရရှိခဲ့ပြီး ဆေးကုသခဲ့ရတယ်လို့ ဆက်လက်ပြောပြပါတယ်။ ယမန့်နေ့ (ဇူလိုင် ၂၂ ရက်) နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သက်ကြီးပိုင်း အမျိုးသမီးတဦး နှလုံးရပ်တန့် အသက်ဆုံးရှူံးခဲ့ရတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၃ ရက်မှာ မိုးဗြဲအရှေ့ခြမ်း (–)ရွာအတွင်း ကျေးရွာ ဒေသခံ၂ ဦး လက်နက်ကြီးထိမှန်တာကြောင့် ဒဏ်ရာအသေးစားများ ရရှိခဲ့ပြီး ဆေးကုသခဲ့ရတယ်လို့ ဆက်လက်ပြောပြပါတယ်။ ယမန့်နေ့ (ဇူလိုင် ၂၂ ရက်) နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် သက်ကြီးပိုင်း အမျိုးသမီးတဦး နှလုံးရပ်တန့် အသက်ဆုံးရှူံးခဲ့ရတယ်လို့ သိရပါတယ်။
“မနေ့နေ့လည်လောက်က ဆုံးတာပါ။ မိုးဗြဲအရှေ့ဘက်က (–) ရွာမှာပါ။ လက်နက်ကြီးတော့ မထိသွားပေမဲ့ အဲဒီအသံကြောင့် လန့်ပြီးဆုံးသွားတာ၊ ဒီနေ့ပဲ သဂြိုလ်ပြီးပါတယ်” လို့ ဗိုလ်တထောင် တပ်ခွဲရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပြပါတယ်။
ယခုအခါ အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဆောင်ကန်း(ရှမ်း)ရွာမှ ဆောင်ကမ်း(ကယား)ရွာကို ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
မေ ၂၇ ရက်က စတင်ပြီး စစ်ကောင်စီဟာ သယ်ယူပို့ဆောင်ရေးအတွက် အရေးပါတဲ့ မိုးဗြဲ-ပီကင်းလမ်းနဲ့ ပြည်ထောင်စု လမ်းမကြီးတလျောက် စိုးမိုးနိုင်ဖို့ စစ်ကြောင်းထိုးလာခဲ့ပါတယ်။ မေလနဲ့ ဇွန်လအတွင်းမှာ မိုးဗြဲမြို့အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် အရပ်သား ၂၃ ဦး ထက်မနည်း သေဆုံးခဲ့သလို ယခု ဇူလိုင် ၁၅ ရက်ကလည်း အသက် ၇၂ နှစ်အရွယ် အမျိုးသမီးတဦးကို ထပ်မံ ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။
Karenni’s Voice (People’s Radio Myanmar)
Photo – ဗိုလ်တထောင်တပ်ခွဲ