ဇူလိုင်လ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့ တောင်ကလေး ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့သွားရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့မှာ မနက် ၁၂ နာရီဝန်းကျင်အချိန်မှာ နဂါးနီစစ်ကြောင်း၊ Federal Wings Drone နဲ့ KNLA တပ်ရင်း ၁၆ တို့က တောင်ကလေးရဲစခန်းကို ၆၀ ဗုံးသီး ၄ လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အခုလိုတိုက်ခိုက်ခံမှုကြောင့် တောင်ကလေးရဲစခန်းအတွင်းအထိုင်ချထားတဲ့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းက ပြောပါတယ်။
“တောင်ကလေးရဲစခန်းမှာ သူတို့အင်အားက ၅၀ ၆၀ လောက်တော့ရှိမယ် သူတို့ဘက်ကဒရုန်းကို ပြန်လည်ပစ်ခတ်တာမျိုးတော့ ရှိပါတယ်” လို့ သူကပြောပါတယ်။
ဇူလိုင်လ ၂၃ ရက်နေ့ မနက် ၁၀ ခွဲအချိန်မှာလည်း တံခွန်တိုင်ကျေးရွာအနီးတဝိုက် ဒရုန်းနဲ့ပစ်ခံတွေ ကြားနေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဒရုန်းနဲ့ ၅ကြိမ်လောက်ရှိပြီပစ်နေတာအခု၊ညတိုင်းတော့ ၄ လုံး ၅ လုံး လောက်ကြားနေရတယ် ဘယ်ကပစ်လို့ပစ်မှန်းမသိဘူး၊ အခုမနက်တော့နေသာလို့သားမသိဘူး ၅ လုံး ၆ လုံး လောက် ဒရုန်းသက်သက်ပဲ ကြားနေရတယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်း ကြာအင်းဆိပ်မြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း နယ်မြေခံ တော်လှန်ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ နယ်မြေစိုးမိုးထားဆဲဖြစ်တယ်လို့ နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်းကဆိုပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့ထိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ငြိမ်းချမ်းမြိုင် (စိတ္တသုခဘုန်းကြီးကျောင်း)တောင်ပေါ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့တိုင်းနီးပါး ဒရုတ်နဲ့ဗုံးကြဲတိုက်ခိုက်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
ဒါ့အပြင် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ စစ်ကောင်စီတပ် လက်အောက်ခံ ရဲစခန်း၊ စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ မကြာခဏဆိုလို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံနေရတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – နဂါးနီစစ်ကြောင်း
Phar Si Than (People’s Radio Myanmar)