ဇူလိုင်လ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျောက်လုံးကြီးဘုရားအနောက်ဘက်မှာထိုင်တဲ့ ဒေသခံတွေကို ရပ်ကွက်လူကြီးတွေက ပြောင်းရွှေ့ခိုင်းနေတယ်လို့ သိရပါတယ်။
မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီတပ်လက်အောက်ခံ ခလရ ၂၇၅ နဲ့ စိမ်းလဲ့မြိုင်ကားဝင်းအနောက်ဘက်မှာရှိတဲ့ စစ်တပ်ကုန်းကနေ မြို့အနီးတစ်ဝိုက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာပါ။
အခုလို လက်နက်ကြီးနဲ့ပစ်ခတ်နေပြီး ပြည်သူတွေကိုထိခိုက်နိုင်တာကြောင့် ကျောက်လုံးကြီးဘုရား အနောက်ဘက်မှာရှိတဲ့ နေအိမ် ၁၀၀ ကျော်က ဒေသခံ ၃၀၀ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းဖို့ကို ရပ်ကွက်လူကြီးတွေလာပြောပြီး ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက စတင်ပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောက်လုံးကြီးအနောက်ခြမ်းကနေထိုင်သူတွေကို အိမ်တွေပိတ်ပြီးတစ်ခြားနေရာရွှေ့ခိုင်းနေပြီး၊ ရပ်ကွက်လူကြီးတွေက အိမ်ကိုပိတ်လိုက်ပါ၊ သော့ခတ်ပါတဲ့၊ အရေးကြီးတဲ့ဟာတွေယူသွားပေါ့နော်၊ တစ်ခြားမှာစစ်ရှောင်ပေး၊ သူတို့လက်နက်ပစ်ထုတ်မယ်ဆိုရင် မလွတ်ကင်းဘူးဆိုတာ သူတို့သိတဲ့အတွက် ဘေးလွတ်ရာကိုရှောင်ခိုင်းတာ” လို့ မြဝတီမြို့ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန် မြဝတီမြို့ထဲမှာ အတွင်းမဲကနယ်ကျေးရွာ၊ အပြင်မဲကနယ်ကျေးရွာနဲ့ ပွင့်လင်းအေးမြိုင် ရပ်ကွက်ဘက်က ဒေသခံပြည်သူ ၅၀၀ ကျော်ကိုလည်း စစ်ကောင်စီတပ်က ဘေးလွတ်ရာကို ရွှေ့ပြောင်းထားခိုင်းတယ်လို့ သိရပါတယ်။
ဒါ့အပြင် မြဝတီမြို့အနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်က ရပ်ကွပ်ရုံးလမ်းတွေနဲ့ ဘုရင်နောင်လမ်းမကြီးအပါအဝင် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးလမ်းတွေကိုလမ်း ပိတ်ထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အခုကမြို့ထဲမှာလုံးဝကိုအခြေနေမကောင်းတာ၊ အကုန်လုံးပြောင်းခိုင်းနေပြီး၊ မေတ္တာလင်းမြိုင် ဘက်မှာလည်းပစ်နေတယ်၊ စိမ်းလဲ့မြိုင်ကားဝင်းအနောက်ဘက်မှာလည်းပစ်နေတယ်၊ နှစ်ဖက်ဖြစ်တယ် ဆိုတော့ အခြေနေတအားဆိုးနေပြီး၊ အခုရဲစခန်းပတ်ပတ်လည်လဲပိတ်ထားတယ်၊ ရပ်ပ်ကွက်ရုံးတွေလေ၊ အမှတ် ၅ တို့၊ အမှတ် ၄ ရပ်ကွက်ရုံးတွေ အကုန်လမ်းတွေပိတ်လိုက်ကုန်ပြီး” လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို မြဝတီမြို့တွင်းမှာ အဓိကအသုံးပြုနေတဲ့ ဘုရင့်နောင်လမ်းမကြီးနဲ့ ရပ်ကွက်ရုံးလမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံတွေမှာ သွားလာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ဇွန်လ လကုန်ပိုင်းလောက်ကစပြီး ကရင်ပြည်နယ်ထဲက မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ဖာပွန်မြို့နဲ့ ကြာအင်းဆိပ်ကြီးမြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေနေ့တိုင်းဖြစ်ပွားနေပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)