ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကျောက်အိုင်အုပ်စု၊ ရွှေဝါချောင်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ၃၅ မိနစ်လောက်မှာ မုဒုံ-ခုနှစ်ခွေတောင်အခြေစိုက် အမတ-၃၀၃ ကနေ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွှေဝါချောင်ကျေးရွာက ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ကြားရတာကတော့ လက်နက်ကြီးသံ ၃ လုံးကြားရတယ်၊ တစ်လုံးကတော့ရွာထဲကျလာတယ်ဗျ၊ ကလေးက ကစားနေရင်းနဲ့ထိတာလို့ သိရတယ်၊ အခုလက်ရှိတော့ ကျုံဒိုးဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေမှာ အသက် ၈ နှစ်အရွယ် မောင်ထွန်းထွန်းနဲ့ အသက် ၆ နှစ်အရွယ် မောင်ဇာနည်လင်းတို့ဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးကုသမှုခံယူနေရပါတယ်။
အလားတူ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကြာအင်းကျေးရွာမှာလည်း ဇူလိုင်လ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် ဒေသခံနေအိမ် ၁လုံး ထိခိုက်ပျက်စီးခဲရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အရင်ထဲက လက်နက်ကြီးတွေနဲ့ပစ်နေတာ၊ ရွာထဲကိုခဏခဏကျတယ်၊ မနေ့ကလည်း လှိုင်ဝဘက်ကပစ်လိုက်တဲ့ဟာလာကျတယ်၊ လူတော့မထိဘူး၊ အိမ်တော့ ပျက်စီးသွားတယ်” လို့ ကြာအင်းကျေးရွာမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့နဲ့ ကျုံဒိုးမြို့တွေမှာ ဇူလိုင်လ အစပိုင်းထဲက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတွေ မကြာခဏထိခိုက်ဒဏ်ရာရရှိနေတာလည်း ဖြစ်ပါတယ်။
သတင်း – ကိုဖြိုး
ဓာတ်ပုံ – ဒူးပလာယာခရိုင်သတင်းနှင့်ပြန်ကြားရေး
Phar Si Than (People’s Radio Myanmar)