ဇူလိုင်လ ၂၀ ရက်၊ ၂၀၂၃ ခုနစ်
မြိတ်ခရိုင်၊ စစ်အုပ်ချုပ်ရေးဒေသ တနင်္သာရီမြို့နယ်၊ ချောင်းနှစ်ပေါက်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ လေးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၄၀ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ KTLA-Tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ဆိုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းက ဇူလိုင်လ ၁၅ ရက်နေ့မှာ ရေဖြူရွာဘက်မှ ချောင်းနှစ်ပေါက်ကျေးရွာ၊ သိမ်ခွန်းရွာဘက်ကို အင်အား ၁၀၀ ကျော်နဲ့ လျှပ်တစ်ပြက်စစ်ကြောင်းဝင်ရောက်လာတာဖြစ်တယ်လို့ KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ပြောပါတယ်။
“စပြီးဖြစ်တာက သူတို့က ရေဖြူရွာဘက်ကနေ အင်အား ၁၀၀ လောက်နဲ့ ချောင်းနှစ်ပေါက်၊ သိမ်ခွန်းဘက်ကို လျှပ်တပြက်ထိုးလာတာ” သူကပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်လောက်မှာ နယ်မြေလုံခြုံရေးယူနေတဲ့ KTLA ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄) နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည်ပိုင်းလောက်မှာလည်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ တစ်ကြိမ်ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ကိုစိုင်းညီက အခုလိုပြောပါတယ်။
“၁၅ ရက်နေ့ တစ်ပွဲဖြစ်ပြီးတော့ နေ့လည်ပိုင်းလောက်မှာ သိမ်ခွန်းနဲ့ သဲဖြူကြားမှာ ပူးပေါင်းမဟာမိတ်တပ်တွေနဲ့ ထိတွေ့မှုတစ်ကြိမ်ထပ်ဖြစ်တယ်။ ၁၅ ရက်နေ့မှာဘဲ နှစ်ကြိမ်ဖြစ်ခဲ့တယ်” လို့ သူကဆက်ပြောပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ထိတွေ့တိုက်ပွဲ အကြိမ်ရေစုစုပေါင်း ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် ခဲ့တယ်လို့ KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီဆီကနေသိရပါတယ်။
အဲ့ဒီလက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းနှစ်ပေါက်ရွာ၊ သိမ်ခွန်းရွာ၊ အထက်ကွမ်းသီးတောရွာ၊ သဲဖြူရွာက ဒေသခံတွေတစ်ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံက “၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ တောက်လျှောက်ဖြစ်တယ်။ ၁၇ ရက်နေ့ တစ်ရက်ကတော့ သူတို့ဘက်က လက်နက်ကြီးနဲ့ တဖက်သတ်ရမ်းသမ်းဖြစ်တာဘဲပါတယ်။ ၁၇ ရက်နေ့မပါဘဲ ၄ ရက်တာတိုက်ပွဲအတွင်း ထိတွေ့မှုဖြစ်စဉ်က ၆ပွဲ လောက်ဖြစ်တယ်” လို့ ပြောပါတယ်။
ဇူလိုင် ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့တွေမှာတော့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူပေးနေတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် ခဲ့တယ်လို့ KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ပြောပါတယ်။
“၁၈ ရက်နေ့နဲ့ ၁၉ရက်နေ့မှာ သူတို့လက်နက်ကြီး အထိုင်ချပစ်တဲ့ နေရာကို ကျနော်တို့ မဟာမိတ်တပ်တွေက ဒရုန်းနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်တာ။ အဲ့မှာထိနာကြတာ” လို့ သူက ပြောပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာချိန် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ငယ်၊ ပဒေသာမိုင်း၊ ဆွဲမိုင်းတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက ဆိုပါတယ်။
“ပြန်ဆုတ်လာပြီး လမ်းမှာဘဲ ကျနော်တို့ဘက်က လက်နက်ငယ်တွေ၊ ပဒေသာမိုင်းတွေ၊ ဆွဲမိုင်းတွေနဲ့ ဒုတိယအကြိမ်ကြားဖြတ်တိုက်ခိုက်ခဲ့တာ” လို့ သူကဆက်ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တပ်သား ၄၀ ကျော်ဝန်းကျင် ထိခိုက်ကျဆုံးရှိပြီး ပြည်သူကာကွယ်ရေးတပ်တွေဘက်က နယ်မြေရှင်းလင်းအချိန် စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနဲ့ အသုံးအဆောင်ပစ္စည်းတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ KTLA-tcjf Thanintharyi ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီရဲ့ ပြောပြချက်အရ သိရပါတယ်။
အဆိုပါ လေးရက်တာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖက်က ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားပေမဲ့ ကျမတို့ People’s Radio Myanmar အနေနဲ့ မြေပြင်သတင်း အချက်အလက်တွေအရ နှစ်ဖက်ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ အတည်မပြုနိုင်သေး ပါဘူး။
အဲ့ဒီတိုက်ပွဲကို KTLA (ထီးစမယ်ရွာတပ်ရင်း)၊ KNU (တပ်ရင်း ၁၁) ၊ နဂါးမင်း PDF ဒရုန်းတပ်ဖွဲ့၊ SWDF သူရဲကောင်းများအဖွဲ့၊ ခွပ်ဒေါင်းတမန်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ကျေးရွာ ၄ ရွာက ဒေသခံတွေ ရွာထဲကို ပြန်လည်ဝင်ရောက် နေထိုင် နေပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“ရွာထဲစစ်သားတွေမရှိတော့ဘူးဆိုတော့ မနေ့ ညနေပိုင်းလောက်က ရွာသားတွေ ရွာထဲပြန်နေကြတယ်။ သူတို့စပစ်ကတည်းက ထွက်ပြေးတာဆိုတော့ ထိခိုက်မှုတွေတော့မရှိဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုမှာတော့ ကျေးရွာတွေထဲက နေအိမ်တွေနဲ့ ဒေသခံတွေ ထိခိုက်မှုမရှိဘူးလို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာမှုကြောင့် လုံခြုံရေးအရ ပိတ်ထားတဲ့ ထုံခါ−မောတောင်လမ်းပိုင်းကို ဇူလိုင် ၂၀ရက်နေ့ မနက်ပိုင်းက ပြန်ဖွင့်ပေးလိုက်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်တာကြောင့် ဒေသခံတွေ မကြာခဏစစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့သတင်းအရင်းအမြစ်အရ သိရပါတယ်။
သတင်း – နော်အယ်နီး
ဓါတ်ပုံ – KTLA-tcjf Thanintharyi
Phar Si Than (People’s Radio Myanmar)