ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ ဝါသောခိုကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်းက နေအိမ် အလုံး ၃၀ ဝန်းကျင် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၉ နာရီအချိန်ကနေစတင်ကာ ဝါသောခိုကျေးရွာကိုလေယာဥ်နဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၃၀ ဝန်းကျင်ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“လေယာဥ်နဲ့ ၃ ခါပစ်တော့ အိမ် ၃၀ ကျော်ကျော်လောက်ပျက်စီးသွားတယ် ၉ နာရီကနေ ၁၀ နာရီထိ ၁ နာရီ ကျော်ကျော်လောက်လာဝဲသွားတယ် နောက်အဲ့ဒီမှာလည်း အပြန်အလှန်ပစ်ခတ်ကြတာ အကြီးအကျယ်ပဲ ရွာထဲတော့ပြန်မဝင်ရဲသေးဘူးအခုထိ ရွာသားတွေဆိုလည်း အိမ်မှာ တစ်ယောက်မှ မကပ်တော့ဘူး ရွာသူရွာသားတွေကျတော့ထိခိုက်တာတွေမရှိပါဘူး အပြန်အလှန်ပစ်တာတော့ ၈ နာရီ လောက်ကစပြီး နေ့လည် ၁ နာရီလောက်ထိတိုက်ပွဲကကြာတယ် ဒီနေ့တော့ငြိမ်နေတယ်” လို့ သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်ဘက်မှ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာတွေအတွင်းကိုပစ်ခတ်တာ၊ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်ထန်းနေတာကြောင့် ယာဒို၊ ကလေထ၊ ပရယ်စို၊ ဝါသောခို စတဲ့ကျေးရွာ ၄ ရွာက ဒေသခံ ၂၂၀၀ ကျော်လောက်ဟာ နီးစပ်ရာ တောတောင်တွေမှာ နေထိုင်နေရပြီး စာသောက်ရေးအတွက် ခက်ခဲလာတယ်လို့ သူကဆက်ပြောပါတယ်။
“ရွာတွေအကုန်လုံးကစစ်ရှောင်ကြီးပဲ ရှောင်နေတာတစ်ပတ်လောက်တော့ရှိပြီ ဟို့အရှေ့ အင်္ဂါနေ့ကတည်းက အဲ့ဒီမှာစဖြစ်တော့ ရွာသားတွေကအကုန်လုံးရှောင်ထားပြီးသား ကျောက်ကြား၊ တောထဲတွေမှာ တဲတွေထိုးပြီးတော့သွားနေနေကြတာလေ အစားအစာတွေကျတော့လည်း အခက်အခဲတွေရှိတာပေါ့ စားဝတ်နေရေး၊ ဆေး နောက်အဲ့ဒီကြားထဲမှာလည်း မီးဖွားတဲ့သူလဲရှိတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် အခုလိုတိုက်ပွဲတွေ နေ့တိုင်းနီးပါးဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဘက်မှလည်း စစ်အင်အားတိုးချဲ့တာတွေလုပ်ဆောင်နေပြီး နောက်ပိုင်းမှာလည်း နှစ်ဖက်တိုက်ပွဲအခြေနေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ Thaw Thi Kho ရဲ့ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောပါတယ်။
ကရင်ပြည်နယ်အတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာဟာ သံတောင်မြို့တစ်ခုထဲမဟုတ်ပဲ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့၊ ကြားအင်းဆိပ်ကြီးမြို့နဲ့ ဖာပွန်မြို့ဘက်တွေမှာပါနှစ်ဖက်တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than(People’s Radio Myanmar)