ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ကျောက်လုံးကြီးဘုရားအနောက်ဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် စစ်ရှောင်တွေမှာနေရာပြန့်ကျဲကာ စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇူလိုင်လပထမအပတ်လောက်မှစတင်ကာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ လက်ခတ်တောင်အနီးတဝိုက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကျောက်လုံးကြီးဘုရား အနောက်ဘက်ကိုပါ နေ့တိုင်းနီးပါး လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာပါ။
အခုလိုလက်နက်ကြီးနဲ့နေ့တိုင်းနီးပါးပစ်ခတ်နေတာကြောင့် ဇူလိုင်လ ၁၄ ရက်နေ့လောက်ကတည်းက ကျောက်လုံးကြီးအနီးတဝိုက်က ဒေသခံပြည်သူ ၂၀၀ လောက်ဟာ စစ်ဘေးရှောင်နေကြရပြီး စစ်ရှောင်စခန်းမရှိတာကြောင့် နေရာပြန့်ကြဲကာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဘယ်ကပစ်မှန်းတော့မသိဘူး အခုလည်းကျောက်လုံးကြီးအနောက်ဘက်မှာပစ်နေတာပါ လက်နက်ကြီး တွေ စက်သေနတ်တွေနဲ့ပစ်နေတာပါ စစ်ဘေးရှောင်းတွေရှိတယ် တချို့ဆိုရင် မြဝတီဘက်မှာ ရှောင်ကြတယ်၊ ၂၇၅ က ပစ်တာတချို့ဆိုရင်အောက်ကိုပြန်ကြတယ် ရှောင်နေကြတာကတော့ ၃ ရက်လောက်ရှိပြီ အောက်ပြန်တဲ့သူတွေကတော့ မော်လမြိုင်ဘက်ကများတယ်”လို့သူကပြောပါတယ်။
ဒါ့အပြင် ဒီနေ့ဇူလိုင်လ ၁၈ ရက်မနက်အစောပိုင်းကနေစတင်ပြီး နေ့လည် ၁ နာရီနာရီဝန်းကျင်အချိန်ထိ ခလရ ၂၇၅ တပ်ကနေ ကျောက်တောင်၊ လက်ခတ်တောင် မေတ္တာလင်းမြိုင် ဘုရားကုန်းဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
“၂၇၅ ကပစ်တာ စခဘက်ကရမ်းပစ်နေတာ လက်ခတ်တောင်၊ မေတ္တာလင်းမြိုင်ဘုရားကုန်းနဲ့ တုံးတံတား ကျောက်တောင်ဖက်ကိုခုထိ ပစ်နေတယ် မကြာမကြာ ထုချက်ကတော့ အိမ်ပါခါတယ်” လို့ဆိုပါတယ်။
မြဝတီမြို့ရှိဒေသခံအမျိုးသား တစ်ဦးကလည်း “ကျောက်လုံးကြီးနောက်တစ်ဝိုက်ကလည်း ကြားနေရတယ် ကျောက်လုံးကြီးအနောက်ဖက်က ထိုင်တော်မူဘုရားနားကနေပစ်တာ အဲ့မှာတစ်ဖက်ဘဲ လှမ်းထုနေတာပါ” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က လက်လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လက်ခတ်တောင်၊ ဂူတစ်တောင်၊ ကျောက်မိုင်းကျေးရွာနဲ့ မေတ္တာလင်းမြိုင်ကျေးရွာဒေသခံတွေကပါ မြဝတီမြို့ပေါ်မှာတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း လက်ခတ်တောင်အနီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး လက်နက်ကျည်းစထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အခု နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေတာဟာ မြဝတီမြို့နယ်တစ်မြို့နယ်ထဲမဟုတ်ပဲ ကော့ကရိတ်မြို့ ၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့၊ သံတောင်မြို့အပြင် ဖာပွန်မြို့နယ်တွေဘက်မှာပါ စစ်ကောင်စီတပ်နဲ့ KNLAပူပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)