
ခမ်းထီရေဒီယို ၊ ဇူလိုင် ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ တစ်ယောက်နဲ့တစ်ယောက် စနောက်ရာမှ ဓားနဲ့ထိုးလိုက်လို့ တစ်ယောက်သေဆုံးသွားတဲ့အမှု မနေ့ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။
အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်နေ ကိုအောင်ထူးမော် နဲ့ အေးမြင့်သာယာရပ်ကွက်နေ ကိုနိုင်မင်းအောင် တို့ဟာ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်းနဲ့ ရန်ထဖြစ်ကြရာကနေ ကိုနိုင်မင်းအောင်က ကိုအောင်ထူးမော်ကို ဓားနဲ့ထိုးလိုက်တာဖြစ်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာမှာရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
“တစ်မြို့ထဲသားချင်းဖြစ်တယ်။ ပြီးတော့ သိနေတဲ့လူတွေပဲ။ စတာ နောက်တာ လွန်သွားပြီး ရန်ထဖြစ်တာကနေ အသက်ဆုံးရှုံးလိုက်ရတာဖြစ်တယ်” လို့ သူကပြောပါတယ်။
ရင်ညွှန့် နဲ့ နံစောင်း ဓားနဲ့အထိုးခံရတဲ့ ကိုအောင်ထူးမော်ကို ဆေးရုံသို့ တင်ပို့ခဲ့ပေမယ့် အဲ့ဒီ ဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ပဲ သေဆုံးသွားခဲ့ပါတယ်။
ကိုနိုင်မင်းအောင်က အရိုးအသွား ၁၈ လက်မရှည်တဲ့ ဓားနဲ့ထိုးခဲ့တာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် စနောက်ရာကနေ အသက်သေဆုံးတဲ့အထိ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ကိုနိုင်မင်းအောင်ကို အောင်ပန်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့သိရပါတယ်။
ခမ်းထီရေဒီယို ( People’s Radio Myanmar )