ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း နယ်မြေခံပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့မှစတင်ကာ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်း KNLA၊ နဂါးနီစစ်ကြောင်းနဲ့ အတူ နယ်မြေခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနေ့ ဇူလိုင်လ ၁၇ ရက်နေ့အထိကို နှစ်ဖက်စစ်ရေးအခြေနေတင်းမာနေဆဲဖြစ်တယ်လို့ နဂါးနီစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ကိုဟိန်း ကပြောပါတယ်။
“နှစ်ဖက်စစ်ရေးအခြေနေကတော့ တင်းမာနေတုန်းပါပဲ တိုက်ပွဲဖြစ်ပွားတာကတော့ကျွန်တော်တို့ ပြောလို့ မရသေးပါဘူး ဖြစ်တယ် မဖြစ်ဘူး အပြင်ကို အသိမပေးသေးပါဘူး” လို့သူကပြောပါတယ်။
ဇူလိုင်လ ၁၄ ရက်နေ့ကလည်း စကခ ၁၉ လက်အောက်ခံ ခလရ ၁၆၊ ခမရ ၅၈၈ နဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၁၀၊ ခမရ ၂၀၉၊ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂ တို့ မြစိမ်းရောင်လမ်း (ပုလိန်-ခလယ်လမ်း)ပေါ်ကို စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေစဥ်လမ်းပိုင်းအတွင်း ဝင်ရောက်လာတဲ့ ခရီးသွားကား ၁ စီးကို စစ်ကောင်စီတပ်မှ ရပ်တန့်အောင်ပစ်ခတ်ခဲ့တာကြောင့် ခရီးသွားပြည်သူ ၂ ဦးသေဆုံးကာ ကျန် ၁၇ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားပေမဲ့ ၂ ဦးမှာထွက်ပြေးလွတ်မြောက်လာပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာလည်း ပုလိန်ကျေးရွာက ခြံလုပ်သား ၄ ဦး စုစုပေါင်း ၁၉ ဦး ဖမ်းဆီးထားတယ်လို့ သူကဆက်ပြောပါတယ်။
“တစ်ခုရှိတာက အဖမ်းခံထားရတဲ့သူတွေထဲမှာ တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ သေနတ်ဒဏ်ရာတွေနဲ့ပါ၊ အခုချိန်ထိလည်းမလွတ်လာတာမရှိပါဘူး ဖမ်းခံရတဲ့ထဲမှာလည်း မိန်းကလေး ၄ ဦး ပါဝင်ပါတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ခလယ်-တံခွန်တိုင် ကျေးရွာအုပ်စုအတွင်းမှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရ တယ်လို့ တံခွန်တိုင်ကျေးရွာရှိဒေသခံအမျိူးသမီးတစ်ဦးကပြောပါတယ်။
“မနေ့ကလိုင်းမရဘူး၊ ပစ်တာကလည်း ဒီနေ့တော့ငြိမ်နေတယ်” လို့ သူကပြောပါတယ်။
စစ်ကောင်တပ်နဲ့ နယ်မြေခံပြည်သူတိုက်ပွဲဖြစ်ပွားတာ၊ စစ်ကောင်စီတပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အမတ ၃၁၈ (အဘစ်) ကနေ လက်နက်ကြီးနဲ့ပစ်ခတ်တာတွေကြောင့် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း ၇ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ဆွေမျိုးတွေရှိရာ အနီးအနားကျေးရွာမှာ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားတာဟာ ကြာအင်းဆိပ်ကြိီးမြို့နယ်အတွင်းမှာသာမဟုတ်ပဲ ကရင်ပြည်နယ် အတွင်းက မြို့တွေဖြစ်တဲ့ မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နဲ့ ဖာပွန်မြို့နယ်တွေမှာပါ စစ်ကောင်စီတပ်နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်စစ်ရေးအခြေတင်းမာနေ တာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)