ဇူလိုင်လ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ထဲက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှာ ကြားအင်းဆိပ်ကြီးမြို့ထဲက စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစားရင်းရုံးတို့ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲ ၁ ဦးသေဆုံးကာ အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ Cloud Wings ဒရုန်း တာဝန်ခံ ကိုငြိမ်းကပြောပါတယ်။
“ဌာနဆိုင်ရာရုံးတွေက မနေ့ကညကပေါ့ ဒရုန်းမစ်ရှင် လုပ်တယ်ပေါ့နော် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဒရုန်းမစ်ရှင်လုပ်တယ်၊ ဒီရဲစခန်းရယ်၊ ထွေအုပ်ရုံးရယ်၊မြေစာရင်းရုံးရယ်ပေါ့လေ ဗုံးသီး ၅ လုံးချပြီးတော့တိုက်ခိုက်ခဲ့တယ် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် ၁ ဦး သေဆုံးတယ်လို့ သူတို့ဘက်ကပြန်သိရတယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိကိုလည်း ကွီလုံတိုင်ကနေ ခုတ်ခွားရှေ့တန်းစစ်စခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အပြင် ခုတ်ခွားစခန်းကိုလည်း ဒရုန်းမစ်ရှင်တွေပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့တယ်လို့ Cloud Wings ဒရုန်း တာဝန်ခံ ကိုငြိမ်းကပြောပါတယ်။
အခုလို စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေမှာ ရုံးဝင်းအတွင်းမနေရဲကြတော့ပဲ ရှောင်တိမ်းနေကြတယ်လို့ အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီးမြို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုဝန်ထမ်းတွေကရှောင်အိပ်ကြတာပေါ့ တခြားမှာတွေအသိမိတ်ဆွေအိမ်တွေမှာအိပ်တယ် တချို့တွေကျတော့လည်းတည်းခိုခန်းတွေမှာအိပ်ကြတယ်”လို့သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲကစစ်ကောင်စီတပ် လက်အောက်ခံဌာနဆိုင်ရာရုံးတွေမကြာခဏဆိုလိုဒရုန်းဗုံးခိုက်ခံနေရကာ အခုလိုတိုက်ခိုက်ခံရပြီးနောက်ပိုင်း ကြားအင်းဆိပ်ကြီး မြို့အဝင်အထွက်တွေမှာအရင်ကထပ်ပိုပြီးအစစ်ဆေးတင်းကြပ်လာလို့ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ကလည်း မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံကို မိုင်းအပြင် ၊ဒရုန်းနဲ့ ဗုံးကြဲတိုက်လခိုက်ခဲ့တာကြောင့် မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့တယ်လို့ Cloud wings ဒရုန်းအဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio mManmar)